၉  အောက်တိုဘာ

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အောက်တိုဘာလ ၆ ရက်နေ့က မကွေးတိုင်းဒေသကြီးရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများအားတွေ့ဆုံ၍ လမ်းညွှန်မှာကြားစဉ် ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်ရာ ဝန်ထမ်းများ၏ အတွေးအခေါ်နှင့် အကျင့်စရိုက်များ ပြုပြင်ပြောင်းလဲရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

 

နိုင်ငံတော်သမ္မတက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ၏ ပြောင်းလဲမှုဖြစ်စဉ် အောင်မြင်ချောမွေ့စေရန် ပြည်သူပြည်သားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများအားလုံး၏ ပုံစံကျနေသည့် အတွေးအခေါ်နှင့် ပုံသေကားကျ အလေ့အထများကို ပြုပြင်ပြောင်းလဲကြရန် အထူးလိုအပ်ကြောင်း မှာကြားထားသည်။ နိုင်ငံကို ပြုပြင်ပြောင်းလဲ တည်ဆောက်ရာ၌ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၏ အခန်းကဏ္ဍမှာ ကနဦးအထူးအရေးပါပြီး ဝန်ထမ်းများက မှန်မှန်ကန်ကန်၊ တက်တက် ကြွကြွ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို သယ်ပိုးထမ်းရွက်ကြပါမှ ရည်မှန်းသည့်အတိုင်း အသွင်ကူးပြောင်းရေးလုပ်ငန်းများ ချောမွေ့အောင်မြင်မည် ဖြစ်သည်။

 

နိုင်ငံတော်သမ္မတကြီး ညွှန်ပြထားသကဲ့သို့ ပြုပြင်ပြောင်းလဲမှု နှောင့်နှေးအောင်ဆောင်ရွက်သည့် ဝန်ထမ်းများ၏ဌာနများမှာ ကြပ်မတ်ခြင်း၊ တည့်မတ်ခြင်းကို ခံယူကြရမည်သာဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာရမည်ဖြစ်ပြီး နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုလည်း စောင့်သိရိုသေကြရန် အထူးလိုအပ်ပေသည်။ ဝန်ထမ်းဆိုသည်မှာ နိုင်ငံတော်၏ဘဏ္ဍာငွေမှ ကျခံသုံးစွဲသည့် လစာ၊ ချီးမြှင့်ငွေနှင့် အခြားခံစားခွင့်များကို ရယူခံစားကြသူများ ဖြစ်သည်။

 

ထို့ကြောင့် ဝန်ထမ်းများသည် မိမိတို့နှင့်ထိုက်တန်သည့် အခွင့်အရေးများကို မှန်မှန်ကန်ကန်၊ မျှမျှတတသုံးစွဲကြရန် လိုအပ်သကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူလူထု၏ တာဝန်များကိုကျေပွန်အောင် ထမ်းဆောင်ကြရန် လိုအပ်သည်။ ပြည်သူကို အလုပ်အကျွေးပြုရန်မှာ ဝန်ထမ်းများ၏တာဝန်ဖြစ်သည်။ မိမိတို့အား ပေးအပ်ထားသော တာဝန်နှင့်လုပ်ပိုင်ခွင့်များသည် မိမိတို့အတွက် အခွင့်အရေးမဟုတ်ဘဲ ပြည်သူများ၏လိုအပ်ချက်များကို စေတနာအပြည့်ဖြင့် ဖြည့်ဆည်းပေးရန် ဖြစ်သည်ကို ခံယူထားကြရမည် ဖြစ်သည်။

 

ဝန်ထမ်းများအနေဖြင့် မလုပ်၊ မရှုပ်၊ မပြုတ်ဟူသော ခံယူချက်များ၊ အချိန်တန်လျှင် လစာ၊ ရိက္ခာရမည်ဟူသော သဘောထားများ၊ အခွင့်အရေးရမှ၊ လုပ်ပိုင်ခွင့်ရှိမှ အလုပ်လုပ်မည်ဟူသော စိတ်ထားများ မထားကြဘဲ ပေးအပ်သော တာဝန်ကို ပြည်သူအတွက် အစွမ်းကုန်ကျေပွန်စွာ ထမ်းဆောင်မည်ဟူသော မွန်မြတ်သော စိတ်ထားများဖြင့် တာဝန် ထမ်းဆောင်ကြရမည် ဖြစ်သည်။ မိမိအတွက် အခွင့်အလမ်းကို ဦးစွာမမျှော်ကိုးဘဲ မိမိ၏ အလုပ်တာဝန်ကို ကျေပွန်စွာဖြင့် အကောင်းဆုံး ထမ်းဆောင်ခြင်းဖြင့် မိမိအတွက် တိုးတက်ရာတိုးတက်ကြောင်းများ ဖြစ်ထွန်းလာနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။

 

ဝန်ထမ်းများတာဝန်ယူဆောင်ရွက်သည့် အုပ်ချုပ်ရေးယန္တရားနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး လမ်းညွှန်မှာကြားထားသည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်သည့် အုပ်ချုပ်ရေးယန္တရားဖြစ်ရန် လိုအပ်ပြီး နိုင်ငံသားများ၏ဘဝ လုံခြုံစိတ်ချမှုနှင့် စိတ်အေးချမ်းသာမှုရှိစေရန် စီမံဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံသူ နိုင်ငံသားများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် အုပ်ချုပ်ရေးယန္တရား မဖြစ်စေရေး၊ တာဝန်ရှိသူများ အနေဖြင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိကြရမည် ဖြစ်သည်။ ဦးစီးခေါင်းဆောင်သူများ အနေဖြင့် ဝန်ထမ်းများကို လိုအပ်သလို လမ်းညွှန်ကြပ်မတ်နိုင်ရမည်ဖြစ်ပြီး အရာထမ်း၊ အမှုထမ်း များအနေဖြင့် လုပ်ငန်းခွင်တွင် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်းသည် မိမိတို့၏ဂုဏ်သိက္ခာ၊ မိမိနိုင်ငံတော် အစိုးရ၏ပုံရိပ်ကို မြင့်မားတိုးတက်စေပြီး ဝန်ထမ်းကောင်းမှ နိုင်ငံကောင်း မည်ဟူသော ခံယူချက်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း။ ။

 

ကြေးမုံ