ဝါရှင်တန် ၂၁ မေ
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုသည် ခုနစ်ရာခိုင်နှုန်းနှင့်အထက် လျော့ကျဖွယ်ရှိကြောင်း သိရသည်။
သို့ရာတွင် ယခုကဲ့သို့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကျဆင်းသွားသည့်တိုင် ကမ္ဘာကြီးပူနွေးမှုကို ဆက်လက်ရင်ဆိုင်ရဖွယ် ရှိနိုင်ကြောင်း သုတေသနပညာရှင်များက ယမန်နေ့တွင် အစီရင်ခံခဲ့သည်။
ပြီးခဲ့သည့် ဧပြီလအစောပိုင်းက ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်ရန် နိုင်ငံတကာမှ အစိုးရများက အဝင်အထွက် ကန့်သတ်ပိတ်ဆို့မှုများ၊ အသွားအလာကန့်သတ်မှုများ ဆောင်ရွက်ခဲ့ရာ နောက်ဆက်တွဲ ကောင်းကျိုးဖြစ်ထွန်းမှု တစ်ခုအနေဖြင့် ကမ္ဘာတစ်ဝန်း ကာဗွန်ထုတ်လွှတ် မှုပမာဏသည် ယခင်နှစ် အလားတူ အချိန်ကနှင့် နှိုင်းယှဉ်လျှင် ၁၇ ရာခိုင်နှုန်းအထိ လျော့နည်းကျဆင်းသွားခဲ့သည်။
တရုတ်၊ အမေရိကန်၊ ဥရောပနှင့် အိန္ဒိယနိုင်ငံများတွင်၂၀၂၀ ပြည့်နှစ်၏ ပထမလေးလပတ်၌ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု သုံးပုံနှစ်ပုံခန့်အထိ လျော့ကျသွားခဲ့ပြီး ယင်းပမာဏသည် ကာဗွန်ဒိုင်အောက် ဆိုက်တန်ချိန်ပေါင်း တစ်ဘီလီယံကျော် ပမာဏနှင့် တူညီကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က စက်ရုံများနှင့် စွမ်းအင်လုပ်ငန်းများမှ လေထုညစ်ညမ်းစေသည့် ထုတ်လွှတ်မှုသည် တန်ချိန်ပေါင်း ၃၇ ဘီလီယံအထိ စံချိန်တင် ရောက်ရှိခဲ့သည်။ ထူးဆန်းစွာကျဆင်းသွားသည့် လက်ရှိ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုအခြေအနေမှာ ယာယီသာဖြစ်ဖွယ်ရှိပြီး စီးပွားရေး၊ သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်ကဏ္ဍတို့တွင် ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲများအပေါ် ထင်ဟပ်ခြင်းမရှိကြောင်း သုတေသနပညာရှင်များက ပြောကြားခဲ့သည်။
အေအက်ဖ်ပီ