၁၁ အောက်တိုဘာ

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်နေသော စက်မှုလုပ်ငန်းတို့အနက် အထည်ချုပ် စက်မှုလုပ်ငန်းသည် အထင်ရှား အပေါ်လွင်ဆုံး ဖြစ်ပါသည်။ လက်ရှိအခြေအနေ၌ မြန်မာနိုင်ငံရှိ အထည်ချုပ်စက်မှုလုပ်ငန်းတို့သည် ရရှိသော အမှာစာအပေါ်မူတည်၍ ချုပ်ခရယူချုပ်လုပ်ပြီး ပြည်ပသို့ ပြန်လည်တင်ပို့ပေးနေခြင်းသာ ဖြစ်ပါသည်။ အထည်အလိပ်မှစ၍ အသင့်ဝတ်ဆင်နိုင်သည်အထိ မြန်မာနိုင်ငံ၌ အစအဆုံး ထုတ်လုပ်နိုင်မည်ဆိုပါက မြန်မာ့ အထည်ချုပ်လုပ်ငန်းသည် များစွာတိုးတက်လာမည်ဖြစ်ပြီး အကျိုးအမြတ်သည်လည်း သိသိသာသာ ခုန်တက် လာမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာ့အထည်အလိပ် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော လိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။

 

မြန်မာ့အထည်အလိပ်စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလုပ်ငန်းဆိုင်ရာ နည်းပညာ လိုအပ်သကဲ့သို့ စီမံခန့်ခွဲမှုနှင့် ဈေးကွက်ဆိုင်ရာ အတတ်ပညာတို့လည်း လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာ့ အထည်အလိပ် စက်မှုလုပ်ငန်းကဏ္ဍအတွက် စီးပွားရေး စီမံခန့်ခွဲမှုနည်းပညာ များပံ့ပိုးပေးရန် အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းက ဆောင်ရွက်လျက်ရှိပါသည်။ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းသည် ဂျပန်နိုင်ငံ အခြေစိုက် Tsuyatomo Co.,Ltd. နှင့် ရရှိထားသော သဘောတူညီချက်အပေါ် အခြေခံ၍ စီးပွားရေးစီမံခန့်ခွဲမှု နည်းပညာများကို ပို့ချသင်ကြားပေးသွားမည် ဖြစ်ပါသည်။

 

အဆိုပါ စီးပွားရေး စီမံခန့်ခွဲမှုနည်းပညာများ သင်ကြားပို့ချခြင်းကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဤသင်တန်းတို့သည် နောင်အနာဂတ် မြန်မာနိုင်ငံ၏ အထည်ဆေးဆိုးခြင်း လုပ်ငန်းများ၌ အရည်အသွေးပြည့်ပြည့် စီမံခန့်ခွဲနိုင်စွမ်းရှိသည့် ခေါင်းဆောင်များကို မွေးထုတ်ပေးရန် ဖြစ်ပါသည်။ အမှတ်(၃)အကြီးစား စက်မှုလုပ်ငန်းနှင့် Tsuyatomo Co.,Ltd. တို့ ရရှိထားသော သဘော တူညီချက်အရ အဆိုပါသင်တန်း အစီအစဉ်ကို ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နှစ်လျှင် (၄)ကြိမ်ဖြင့် (၁၂)ကြိမ် သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။ ဤသို့ သင်ကြားပို့ချရာ၌ ဂျပန်နိုင်ငံ ပုံစံစီမံခန့်ခွဲမှု၊ ပရောဂျက်စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ဆက်သွယ်ရေး ကျွမ်းကျင်မှု၊ လူသားအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုတို့ကို သင်ကြားပေးသွားမည် ဖြစ်ပါသည်။ အဆိုပါ သဘောတူညီချက်နှင့်အညီ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်)၌ ဂျပန်နိုင်ငံ ဆေးဆိုးခြင်း နည်းပညာ၊ အချောကိုင် နည်းပညာနှင့် စီမံခန့်ခွဲမှုနည်းပညာတို့အတွက် ဒုတိယအကြိမ် သင်တန်း ဖွင့်လှစ်ခြင်းကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က အဆိုပါစက်ရုံတွင် ပြုလုပ်ခဲ့ပါသည်။

 

အမှတ်(၃)အကြီးစား စက်မှုလုပ်ငန်းက Tsuyatomo Co.,Ltd. နှင့်ပူးပေါင်း၍ မြန်မာ့အထည်အလိပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံခန့်ခွဲမှုနည်းပညာတို့ သင်ကြားပို့ချနေခြင်းသည် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ကောင်း ဖြစ်စေမည်ဖြစ်၍ ကြိုဆိုဂုဏ်ပြုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။   ။
(မြန်မာ့အလင်း)