၁၂ အောက်တိုဘာ

 

 

အာရှဖွံ့ဖြိုးရေးဘဏ်က မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ၂၀၁၈ ခုနှစ်ခန့်မှန်းချက် (Asian Development Outlook 2018 Update)တွင်မြန်မာနိုင်ငံနှင့်ပတ်သက်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အချက်အလက်များပါရှိသည်။ အဆိုပါ အစီရင်ခံစာအရ မြန်မာနိုင်ငံ၏စီးပွားရေးဆိုင်ရာကဏ္ဍများတွင် အလားအလာကောင်းများရှိနေသဖြင့်နိုင်ငံ့စီးပွားရေးပြောင်းလဲတိုးတက်လာရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။

 

 

အာရှဖွံ့ဖြိုးရေးဘဏ်၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းအနေဖြင့် ၂၀၁၈ ခုနှစ်အတွက် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်အတွက် ခုနစ်ရာခိုင်နှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်းအနေဖြင့် ၂၀၁၈ ခုနှစ်အတွက် ၆ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်အတွက်ခြောက်ရာခိုင်နှုန်းနှင့် ပြည်ပကုန်သွယ်ရေး ငွေပေးငွေယူရှင်းတမ်းတွင် လိုငွေပြမှုအနေဖြင့် ၂၀၁၈ ခုနှစ်အတွက် GDP ၏ သုံးရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်အတွက် လေးရာခိုင်နှုန်း ခန့်မှန်းထားသည်။

 

 

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအခြေအနေတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၅၂၁ ဘီလီယံအထိ ဆောင်ရွက်နိုင်ခဲ့ပြီး အဆိုပါကုန်သွယ်မှုပမာဏတွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့် အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၂၄၀ ဘီလီယံ (၈၁ ရာခိုင်နှုန်း)အထိ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရသည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့အထိ ကိန်းဂဏန်းများအရ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၂၉၇ ဘီလီယံအထိရှိခဲ့ပြီး ယခင်နှစ်အလားတူကာလထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၅၃ ဘီလီယံပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

 

 

အဆိုပါကုန်သွယ်မှုပမာဏတွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၈၁၆ ဘီလီယံ ပါဝင်သည့်အတွက် ၈၅ ရာခိုင်နှုန်းအထိ ပိုမိုတိုးတက်ဆောင်ရွက်နိုင်သည်ကို တွေ့ရသည်။ ပြည်ပပို့ကုန်အနေဖြင့် ၁ ဒသမ ၆၃၂ ဘီလီယံအထိ ပိုမိုဆောင်ရွက်နိုင်ခဲ့ပြီးကုန်သွယ်မှုလိုငွေအနေဖြင့်လည်း အမေရိကန်ဒေါ်လာ သန်း ၉၀ဝ ခန့် လျှော့ချဆောင်ရွက်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍတွင် ဤသို့ မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ပြီး အာရှဖွံ့ဖြိုးရေးဘဏ်၏ အစီရင်ခံစာမှ မြန်မာနိုင်ငံ ကုန်သွယ်မှုလိုငွေသည် တဖြည်းဖြည်း လျော့နည်းကျဆင်းလာလိမ့်မည်ဟု ခန့်မှန်းထားချက်အရ မြန်မာနိုင်ငံ၏စီးပွားရေးမှာ အလားအလာကောင်းများရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။

 

 

ထို့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စွာဖြင့်စီးဝင်လာရေးနှင့် ပို့ကုန်တန်ဖိုးမြှင့်တင်နိုင်မည့် အလားအလာများလည်းရှိနေသည်။ တစ်ဖက်တွင် မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကိုလည်း ရေးဆွဲထားကာ အကောင်အထည်ဖော်ဆောင်ရွက်နေသဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျသည့် ပုဂ္ဂလိကကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပေသည်။ ယခုလက်ရှိ ကြုံတွေ့နေရသော အခက်အခဲများ၊ စိန်ခေါ်မှုများကို နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ လက်တွဲ၍ ဝိုင်းဝန်းအဖြေရှာ ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ ယခုအခါပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရရှိရေး၊ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်နိုင်ငံခရီးစဉ်မှတစ်ဆင့် အလားအလာကောင်းများလည်း ရှိနေပြီဖြစ်သည်။ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ အခက်အခဲများကိုလည်း နိုင်ငံတော်အစိုးရက ကဏ္ဍအလိုက် စဉ်ဆက်မပြတ် ဖြေရှင်းဆောင်ရွက်ပေးနေသည်။

 

 

သို့ဖြစ်ရာ နိုင်ငံ၏စီးပွားရေး ပြောင်းလဲတိုးတက်ရေးအတွက်ပြည်သူအားလုံးပါဝင်သည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့်ဖွံ့ဖြိုးတိုးတက်မှုသို့ လျှောက်လှမ်းရာ၌ အဓိကမောင်းနှင်အားမှာပုဂ္ဂလိကကဏ္ဍဖြစ်၍ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဖြစ်ထွန်းနေသော စီးပွားရေးအလားအလာကောင်းများကို ဆက်လက်တိုးမြှင့်ဖော်ဆောင်ကြရန် တိုက်တွန်းအပ်ပါသည်။ ကြေးမုံ