နေပြည်တော် ၁၆ ဇန်နဝါရီ 

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် “ကျန်းမာရေးနှင့် အားကစားကဏ္ဍတွင် သတိပဋ္ဌာန်အခြေခံသော စိတ်ခံစားမှုဖွံ့ဖြိုးရေး” ဓမ္မသဘင် အခမ်းအနားကို ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘီရုံ၌ စည်းကားသိုက်မြိုက်စွာ ကျင်းပသည်။ 

 

1

 

ရှေးဦးစွာ ဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ်၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိထံမှ တရားနာပရိ သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

 

ထို့နောက် အောက်စဖို့ဒ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိက “ကျန်းမာရေးနှင့် အားကစားကဏ္ဍတွင် သတိပဋ္ဌာန်အခြေခံသော စိတ်ခံစားမှုဖွံ့ဖြိုးရေး” အမည်ရှိ တရားတော်ကို ဟောကြားသည်။

 

ဓမ္မသဘင်အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းမိသားစုများ၊ တရားချစ်ခင် မြတ်နိ်ုးသူများ တက်ရောက်၍ ရိုသေစွာ နာယူကြည်ညိုကြပြီး သိရှိလိုသည်များကို မေးမြန်းလျှောက်ထားကြရာ အောက်စဖို့ဒ် ဆရာတော်က ပြန်လည်ရှင်းလင်း ဟောကြားတော်မူသည်။

 

ထို့နောက် အောက်စဖို့ဒ်ဆရာတော်ထံ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်ဇနီးတို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ အလှူငွေများကိုလည်းကောင်း၊  ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် သင်္ကန်းတို့ကို လည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။

 

ယင်းနောက် ဧည့်ပရိသတ်များက အောက်စဖို့ဒ်ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။ 

 

(သတင်းစဉ်)