ချောင်းဦး ၁၆ ဇန်နဝါရီ
ကျေးလက်နေပြည်သူများ၏ လူမှုဘဝ အဆင့်မြှင့်တင်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၁၅ ရက်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် အဝတ်လျှော်ဆပ်ပြာဆီ၊ လက်ဆေးဆပ်ပြာဆီ၊ ခေါင်းလျှော်ရည်၊ အဝတ်လျှော်ဆပ်ပြာခဲ၊ ရေချိုးဆပ်ပြာခဲ စသည့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာများကို စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှု လုပ်ငန်းဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဒေါ်ဇင်မိုးလှိုင်မှ သင်ကြားပို့ချ ပေးသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းကို ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာ (၇)ရွာမှ သင်တန်းသား၊ သင်တန်းသူ (၂၅)ဦး တက်ရောက် သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်ထိဖြစ်ကြောင်း သိရသည်။

သင်တန်းသို့ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ စစ်ကိုင်းတိုင်းဒေသကြီး အသေးစား စက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလင်းထွဋ်မိုး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယုယုဝင်း(ချောင်းဦး ပြန်/ဆက်)