mdn

ကလျာမိုးမြင့်  - ရေးသားသည်

 

အစိုးရကချမှတ်ထားတဲ့ ဝင်ငွေခွဲဝေမှုသဘောတူညီချက်အရ ဩစတြေးလျသတင်းမီဒီယာလုပ်ငန်းကြီးတစ်ခုကို တစ်နှစ်မှာ ဒေါ်လာသန်းပေါင်းရာချီ လျော်ကြေးပေးဖို့ တောင်းဆိုမှုတွေကို အမေရိကန်အင်တာနက် ကုမ္ပဏီကြီးဖြစ်တဲ့ ဂူဂဲလ် အင်တာနက်ကုမ္ပဏီက ငြင်းဆန်လိုက်တယ်လို့ သိရပါတယ်။

 

ကွဲလွဲမှုရှိ

 

ဩစတြေးလျမှာရှိတဲ့ ဂူဂဲလ်ရဲ့ ထိပ်တန်းအမှုဆောင် ချုပ်က ဂူဂဲလ်ဟာ သတင်းနဲ့ဆက်နွယ်တဲ့ ကြော်ငြာတွေ ကနေ တစ်နှစ်ကို ဩစတြေးလျဒေါ်လာ ၁၀ သန်း (အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ သန်း) ဝင်ငွေရရှိတယ် လို့ ပြောခဲ့ပြီး အဲဒီပမာဏဟာ ကြော်ငြာကဏ္ဍအတွက် အစိုးရရဲ့ စောင့်ကြည့်အဖွဲ့တစ်ဖွဲ့က ခန့်မှန်းတွက်ချက် ထားတဲ့ပမာဏနဲ့ ကွဲလွဲတယ်လို့ သိရပါတယ်။

 

အင်တာနက်ကုမ္ပဏီကြီးတွေအနေနဲ့ သတင်းတွေကို ထင်သာမြင်သာဖော်ပြတဲ့ ဝန်ဆောင်မှုကနေ ရရှိတဲ့ ကြော်ငြာဝင်ငွေကို ခွဲဝေပေးအောင် အတင်းအကျပ် လုပ်ဆောင်မယ့် အစီအစဉ်တစ်ရပ်ကို ထုတ်ဖော်ဖို့ရှိတယ် လို့ ဆိုပါတယ်။ ဩစတြေးလျရဲ့ အဲဒီကြိုးပမ်းမှုဟာ ကမ္ဘာတစ်ဝန်းလုံးက စိတ်ဝင်တစား စောင့်ကြည့်ခံရမယ့် သဘောရှိပါတယ်။

 

ခွဲဝေပေးဖို့တောင်းဆို

 

ဩစတြေးလျရဲ့ ယှဉ်ပြိုင်မှုဆိုင်ရာ စည်းကမ်းထိန်း ညှိရေးအဖွဲ့အစည်းဖြစ်တဲ့ အေစီစီစီက အင်တာနက် ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ ဂူဂဲလ်နဲ့ ဖေ့စ်ဘွတ်ဟာ ဩစတြေးလျမှာ ကြော်ငြာကနေတစ်နှစ်ကို ဩစတြေး လျဒေါ်လာ ခြောက်ဘီလီယံ (အမေရိကန်ဒေါ်လာ လေးဘီလီယံ) ဝင်ငွေရရှိတယ်လို့ ခန့်မှန်းတွက်ချက် ဖော်ပြခဲ့ပါတယ်။

 

ဩစတြေးလျရဲ့ သတင်းထုတ်ဝေရေးလုပ်ငန်းနှစ်ခုက ဂူဂဲလ်နဲ့ ဖေ့စ်ဘွတ်ကုမ္ပဏီနှစ်ခု နှစ်စဉ်ရရှိနေတဲ့ အကျိုးအမြတ်ရဲ့ အနည်းဆုံး၁ဝရာခိုင်နှုန်းကို ဒေသ သတင်းမီဒီယာအဖွဲ့အစည်းတွေဆီ ခွဲဝေပေးဖို့တောင်းဆို လိုက်ပါတယ်။ သတင်းထုတ်ဝေသူတွေရဲ့ ပြောပြချက် အရဆိုရင် ဒေသမီဒီယာတွေဟာ ကြော်ငြာတွေကနေ ၎င်းတို့ရရှိမယ့် ဝင်ငွေအမြောက်အမြားကို တစ်ကမ္ဘာလုံး အနှံ့ဖြန့်ကြက်ထားတဲ့ အဲဒီနည်းပညာ ကုမ္ပဏီကြီး တွေဆီ လက်လွှတ်ဆုံးရှုံးလိုက်ရတယ်လို့ ဆိုပါတယ်။

 

ယုတ္တိမရှိ

 

ဂူဂဲလ်ရဲ့ ဩစတြေးလျဆိုင်ရာ မန်နေဂျင်းဒါရိုက်တာ မယ်လ်ဆီလ်ဗာကတော့ အဲဒီကိန်းဂဏန်းတွေက ယုတ္တိ မရှိဘူးဆိုပြီး တောင်းဆိုချက်ကို ငြင်းဆန်လိုက်ပါတယ်။ အရည်အသွေးမြင့်မားတဲ့ သတင်းတွေမှာ ကြီးမားတဲ့ လူမှုရေးတန်ဖိုးရှိတယ်ဆိုတာကို ကျွန်ုပ်တို့အားလုံးက နားလည်လက်ခံထားပြီးသား ဖြစ်တယ်။ ဒါပေမယ့် ဒီလောက်နဲ့မပြီးသေးဘူး။ ကျွန်ုပ်တို့အနေနဲ့ စီးပွားရေး ဆိုတာကိုလည်း နားလည်ဖို့လိုသေးတယ်လို့ဆီလ်ဗာက ဒီရက်ပိုင်းအတွင်းဘလော့စာမျက်နှာတစ်ခုမှာ ရေးသားပြောဆိုခဲ့ပါတယ်။

 

စီးပွားဖြစ်ရည်ရွယ်

 

ဂူဂဲလ်ဟာ ပြီးခဲ့တဲ့နှစ်က သတင်းနဲ့ ဆက်နွယ်တဲ့ ရှာဖွေမေးမြန်းချက်တွေနဲ့အတူ တွဲထားတဲ့ ကြော်ငြာကို နှိပ်ပါ (click on add) တဲ့ကဏ္ဍကနေ ဝင်ငွေ ဩစတြေးလျ ဒေါ်လာ ၁၀ သန်းလောက်သာ ရရှိခဲ့တာ ဖြစ်တယ်လို့  ၎င်းကပြောပါတယ်။

 

တကယ်တမ်း ကျွန်ုပ်တို့ရဲ့ ဝင်ငွေကို သတင်းနဲ့ ဆက်စပ် ရှာဖွေမေးမြန်းမှုတွေနဲ့တင်မဟုတ်ဘဲ စီးပွားဖြစ်ရည်ရွယ် ထားတဲ့ ကဏ္ဍတွေကနေလည်း ရှာဖွေခဲ့ရတယ်။ Running Shoesကို တစ်ယောက်ယောက်က အရင်ဝင်ရှာပြီး နောက်မှ click on an ad ကို နှိပ်ပြီးဝင်ရတဲ့ဟာတွေ ရှိတယ်လို့ ဆိုပါတယ်။

 

ပြီးတော့ နည်းပညာကုမ္ပဏီကြီးတွေဟာ သတင်းတွေ ထုတ်လွှင့်တင်ဆက်မှုတွေကနေလည်း သွယ်ဝိုက်ပြီးတော သိသိသာသာအကျိုးအမြတ်ရနေတယ်။ ဘာကြောင့်လဲ ဆိုတော့ သတင်းတွေမှာပါတဲ့ အကြောင်းအရာ မာတိကာ တွေက အင်တာနက်သုံးစွဲသူတွေကို ၎င်းတို့ရဲ့ မီဒီယာ ပလက်ဖောင်းဆီ ဝင်ရောက်လာအောင် ဆွဲဆောင်နေလို့ ဖြစ်တယ်ဆိုပြီး ယှဉ်ပြိုင်မှုဆိုင်ရာ စည်းကမ်းထိန်းညှိရေး အဖွဲ့ အေစီစီစီ ပြောဆိုထားတဲ့အချက်ကိုလည်း ဆီလ်ဗာက ငြင်းဆန်လိုက်ပါတယ်။

 

သတင်းမီဒီယာတွေကို အထောက်အကူပြုနေ

 

သတင်းတွေနဲ့ဆက်စပ်တဲ့ စူးစမ်းမေးမြန်းရှာဖွေမှုဟာ ဂူဂဲလ်မှာ နည်းပါးတဲ့ပမာဏလောက်ပဲ ရှိတယ်။ ပြီးခဲ့တဲ့ နှစ်ကဆိုရင် ဩစတြေးလျမှာ Google Search ထဲ ဝင်ရောက်ရှာဖွေတဲ့ လုပ်ဆောင်ချက်ဟာ ၁ ရာခိုင်နှုန်း လောက်ပဲရှိတယ်လို့ဆိုပါတယ်။ ပြီးတော့ ဩစတြေးလျ မှာရှိတဲ့ ဂူဂဲလ်ကုမ္ပဏီအနေနဲ့ ဩစတြေးလျသတင်း မီဒီယာတွေရဲ့ ဝက်ဘ်ဆိုက်တွေဆီကို လူတွေဝင်ကြည့် လာအောင်လုပ်ပေးခြင်းအားဖြင့် ဩစတြေးလျသတင်း မီဒီယာတွေ သိသိသာသာ တန်ဖိုးတက်လာအောင် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနေတာပဲ ဖြစ်တယ်လို့ ဂူဂဲလ်အမှုဆောင်ချုပ်ကချေပပြောဆိုထား ပါသေးတယ်။

အရှင်းဆုံးပြောရရင် ဩစတြေးလျနိုင်ငံသားတွေ သာမက တခြားလူတွေ အများအပြားဟာလည်းပဲ ဩစတြေးလျ သတင်းဝက်ဘ်ဆိုက်တွေဆီကို သွားဖို့ ဂူဂဲလ်ကနေပဲ အရင်စနှိပ်ပြီး ဝင်ရတာပဲ။ ဒီလိုဝင်ရောက် ရခြင်းအားဖြင့် ထုတ်ဝေသူတွေအနေနဲ့ အင်တာနက် သုံးစွဲသူတွေကို ကြော်ငြာတွေပြပြီး ဝင်ငွေရှာနိုင်တဲ့ အခွင့်အရေးကိုရနေသလို ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်တွေမှာ Subscribe ပြုလုပ်သူတွေရရှိအောင်လုပ်ဆောင်ပေးနေ တယ်လို့ ဆီလ်ဗာက ထောက်ပြပါတယ်။

 

အခြေအနေသိပ်မကောင်း

 

၂၀၁၈ ခုနှစ်မှာ Google Search ကနေ ဩစတြေး လျရဲ့ သတင်းမီဒီယာဝက်ဘ်ဆိုက်တွေဆီ ဝင်ရောက်မှု ၃ ဒသမ ၄၄ ဘီလီယံအထိရှိခဲ့ပြီး အဲဒီဝင်ရောက်မှုဟာ သတင်းထုတ်ဝေရေးကုမ္ပဏီတွေအတွက် တစ်နှစ်မှာ ဩစတြေးလျဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိတယ် လို့ သိရပါတယ်။

 

လက်ရှိမှာ ဂူဂဲလ်ရဲ့ သဘောထားကတော့ဖြင့် ဂူဂဲလ်၊ ဖေ့စ်ဘွတ်နဲ့ ဩစတြေးလျ သတင်းမီဒီယာ ကုမ္ပဏီတွေကြားမှာ ဝင်ငွေခွဲဝေရေး ၊ သတင်းတု ထိန်းချုပ်ရေးနဲ့ သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက် အလက် အကာအကွယ်ပေးရေးလိုမျိုး စည်းကမ်း ကြပ်မတ်ရေးဆိုင်ရာအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဖို့ အေစီစီစီအဖွဲ့ မျှော်လင့်ထားသလို ဖြစ်လာဖို့ သိပ်ပြီးအခြေအနေမကောင်းလှဘူးလို့ ဆိုရမှာပါပဲ။

 

 စုပေါင်းသပိတ်မှောက်မယ့်အစီအစဉ်

 

ဖော်ပြပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးဖို့ကို အသာတကြည် လက်မခံဘူး ဆိုရင်တော့ ဩစတြေးလျသတင်းထုတ်ဝေရေးကုမ္ပဏီ တွေအနေနဲ့ ဂူဂဲလ်နဲ့ ဖေ့စ်ဘွတ်ကုမ္ပဏီတွေကို စုပေါင်းသပိတ်မှောက်တဲ့အစီအစဉ်တစ်ခုလိုအပ်ကောင်း လိုအပ်လာနိုင်တယ်ဆိုပြီး ယှဉ်ပြိုင်မှုဆိုင်ရာ စည်းကမ်း ထိန်းညှိရေးအဖွဲ့က ပြီးခဲ့တဲ့လက အကြံပြုခဲ့ပါတယ်။

 

ဆီလ်ဗာရဲ့ ပြောပြချက်အရ ဂူဂဲလ်ဟာ အဲဒီဖြစ်စဉ်မှာ ပါဝင်ဖို့ အသင့်ပြင်ဆင်ထားပြီးပြီ။ ဒါပေမယ့် အချက် အလက်တွေအပေါ် အခြေခံတဲ့ဆုံးဖြတ်ချက်ပဲ ဖြစ်ရမယ်။ တိကျမှုမရှိတဲ့ ကိန်းဂဏန်းတွေနဲ့ အခြေအမြစ်မရှိတဲ့ အထောက်အထား ခိုင်မာမှုမရှိတဲ့အချက်တွေနဲ့တော့ ဆုံးဖြတ်လို့မရဘူးလို့ ၎င်းက ချေပပြောဆိုခဲ့ပါတယ်။

ကိုးကား-အေအက်ဖ်ပီ