နေပြည်တော် ၂၄ အောက်တိုဘာ
နိုင်ငံတစ်နိုင်ငံ၏ တိုးတက်ဖွံ့ ဖြိုးမှုကို စိစစ်သုံးသပ်လျှင် ရေရှည်တည်တံ့သော ဖွံ့ ဖြိုးတိုးတက်မှု (sustainable development) ကို အခြေခံ စဉ်းစားတွေးခေါ်ရမည် ဖြစ်ပါသည်။ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ဆိုသည်မှာ လတ်တလော အဆင်ပြေရေးသက်သက်မဟုတ်ဘဲ အနာဂတ်ကို ရှုမြင်နိုင်ခြင်းအပေါ်မှာ အခြေခံရပါသည်။ ထို့ကြောင့်ပင် ယင်းသို့သော ရေရှည်တည်တံ့သည့် ဖွံ့ ဖြိုးတိုးတက်မှုကို မူအဖြစ်ချမှတ်ကာ စဉ်းစားရသည့်အတွက် ရေရှည်အမြော်အမြင်ရှိသော စီမံကိန်းများ၊ ရေရှည်အကျိုးစီးပွားကို မြော်မြင်သည့် ရင်းနှီးမြှုပ်နှံမှုများ၊ တစ်နည်းအားဖြင့်ဆိုလျှင် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ (responsible investment) စသည်တို့သည် အဓိကလိုအပ်ချက်များ ဖြစ်ပါသည်။
ထို့ကြောင့် စီးပွားရေးအမြင်ရှိသည်လား မရှိသည်လားဟူသည့် မေးခွန်းကို အဖြေရှာရာတွင် ရေရှည်အကျိုးစီးပွားကို သုံးသပ်မြော်မြင်နိုင်သည့် အတွေးအမြင် ရှိသည်လားဆိုသောအချက်ကို ထိပ်ဆုံးကထားကာ ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။ ဤသည်က စီးပွားရေးလုပ်ငန်းရှင်များအတွက် အရေးကြီးသလို နိုင်ငံရေးခေါင်းဆောင်များအတွက် ပို၍ပို၍ အရေးကြီးသော စီးပွားရေးအမြင် ဖြစ်ပါသည်။
ငါးပွက်ရာ ငါးစာချ စီးပွားရေး၊ မျက်တောင်မွေ့တစ်ဆုံးလောက်သာမြင်သည့် စီးပွားရေး၊ လာဘ်ပေးလာဘ်ယူ စီးပွားရေး စသည့် အမြင်တို့ဖြင့်နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကို ထူထောင်မြှင့်တင်လို့ ရနိုင်မည်မဟုတ်ပါ။ လက်ငင်းကာလတို စီးပွားတိုးတက်ရေး အစီအမံတို့ကြောင့် သစ်တောများပြုန်းတီးခဲ့၊ သယံဇာတများ အပြောင်ရှင်းခဲ့သည့် စီးပွားရေးလုပ်ငန်းများ၏ ဆိုးကျိုးပြစ်ဒဏ်များကို ယနေ့ပြည်သူတို့ မည်မျှလောက် ခါးစည်းခံနေရသည်လဲဆိုတာက ထင်းထင်းကြီး ပေါ်လွင်နေသည့် မြင်ကွင်းဖြစ်ပါသည်။
မမျှော်လင့်သော သဘာဝဘေးအ္တရာယ် တစ်စုံတစ်ခုပေါ်လာလျှင် ပြေးစရာရှောင်စရာ ထွက်ပေါက်မရှိ၊ ခေတ္တနားခိုရာ မြေခင်းကွက်လပ်ပင် မရှိအောင် ဖြစ်နေသည့် မြို့ပြရပ်ကွက်များအတွင်းက ထူထပ်ကျပ်တည်း သိပ်သည်းမှုသည် မြို့နယ်တွင်းနေ ပြည်သူအများစုအတွက် စိုးရိမ်ဖွယ်ရာအတိ ဖြစ်နေသည်မှာ သိသာ ထင်ရှားလာနေသည့် မြင်ကွင်းဖြစ်ပါသည်။
သည်နေ့ စားဝတ်နေရေး ပြေလည်ဖို့က အရေးကြီးသည်ဆိုခြင်းကိုအငြင်းပွားရန် မရှိ။ သို့သော် “ချမ်းသာတာကောင်းသည်၊ ထို့ကြောင့် သည်ကနေ့ ချမ်းသာဖို့က အရေးကြီးဆုံးဖြစ်သည်” ဟု ဆိုသည့် စီးပွားရေး အမြင်မျိုးမျှလောက်ဖြင့်တော့ ရေရှည်အမြော်အမြင်ကြီးသည့် စီးပွားရေးအမြင် ဖြစ်မည်မဟုတ်ပါ။ အနာဂတ် ပြဿနာများကို အမြော်အမြင်ကြီးကြီးနှင့် ကြိုတင်တွက်ဆခြင်းရှိသည့် စီးပွားရေး စီမံကိန်းမျိုးသည်သာ ကြိုဆိုရမည့် စီမံကိန်းဖြစ်ပါမည်။
ထို့ကြောင့် မည်မျှလောက် စီးပွားရေးတိုးတက်ဖွံ့ ဖြိုးရန် လိုအပ်နေသည်ဖြစ်စေကာမူ ပြည်တွင်း ပြည်ပတို့မှ လာမည့် ရင်းနှီးမြှုပ်နှံမှုများသည် အနာဂတ်အတွက်ပါ တာဝန်သိသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်ရန် လိုပါလိမ့်မည်။ ယနေ့ အကောင်အထည်ဖော်နေသည့် စီမံကိန်းတို့က နောင်ဆယ်နှစ်ကြာမှ မွေးဖွားလာမည့် သားသမီးမြေးမြစ် မျိုးဆက်သစ်တို့အတွက် ကောင်းမွေများကိုပေးနိုင်ဖို့ တွေးတောကြံဆထားရန် အထူးလိုအပ်မည်ဖြစ်ပါသည်။ သည်လိုနည်းဖြင့် ရေရှည်အကျိုးစီးပွားကို တွေးရှုကြံဆနိုင်သည့် ရင့်ကျက်သည့် အမြော်အမြင်ကိုသာ ပြည်သူ့အကျိုးကို ရှေးရှုသည့် မှန်ကန်သော စီးပွားရေးအမြင်ဖြစ်မည်ဟု ယုံကြည်ပါကြောင်း။
မြန်မာ့အလင်း