၇ ဇူလိုင် 

ဟောလိဝုဒ်ရဲ့ နာမည်ကျော်ကြယ်ပွင့်စုံတွဲတစ်တွဲဖြစ်တဲ့ ဘောလုံးကြယ်ပွင့် ဒေးဗစ်ဘတ်ခမ်းနဲ့ ဒီဇိုင်နာတစ်ဦးဖြစ်သူ ဗစ်တိုးရီးယားဘတ်ခမ်းတို့ဟာ လတ်တလောမှာတော့ ၁၉ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်ကို ပြုလုပ်ခဲ့ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ဟာ ဇူလိုင် ၄ ရက်နဲ့လည်း တိုက်ဆိုင်နေတာကြောင့် သူတို့နှစ်ဦးရဲ့ သမီးငယ်လေး အသက် ခုနစ်နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာပါရဲ့ကျောင်းမှာ အားကစား ပြိုင်ပွဲ ကျင်းပတဲ့နေ့လည်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဒေးဗစ်ဘတ်ခမ်းဟာ အခြားသော ကလေး ဖခင်တွေနဲ့အတူ အပြေးပြိုင်ပွဲဝင်ခဲ့တာကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကိုလည်း ဗစ်တိုးရီးယား ဘတ်ခမ်းက သူ့ရဲ့ လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်တဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ ဒီလိုအပြေးပြိုင်ရာမှာ ဘတ်ခမ်းဟာ ခေါင်းပေါ်မှာ ပဲစေ့အိတ်ကို တင်ထားရင်း ပြုတ်မကျအောင်ထိန်းကာ ပြေးနေတာကိုလည်း တွေ့ရပါတယ်။

 

အဲဒီနေ့ရဲ့ မွန်းလွဲပိုင်းမှာတော့ မင်္ဂလာသက်တမ်း ၁၉ နှစ်ပြည့်ခဲ့ပြီဖြစ်ကာ ကလေး လေးဦးရဲ့ မိဘတွေဖြစ်နေကြပြီဖြစ်တဲ့ ဒေးဗစ်နဲ့ ဗစ်တိုးရီးယားတို့နှစ်ဦး စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လယ်စာ အတူစားခဲ့ကြပါတယ်။ နေ့လယ်စာစားခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံကိုလည်း လူမှုကွန်ရက်မီဒီယာပေါ်မှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ ဓာတ်ပုံရဲ့ အောက်မှာတော့ ဒေးဗစ် ဘတ်ခမ်းက ၁၉ နှစ်တောင် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ပထမဆုံးနေ့လေးမှာ သူဟာ ဆံစမှ ခြေဖျားအထိ ခရမ်းရောင်တွေနဲ့ ပြင်ဆင်ထားခဲ့တာကို ယခုထိမှတ်မိနေကြောင်းနဲ့ ဗစ်တိုးရီးယား ကိုလည်း မိခင်ကောင်း၊ ဇနီးကောင်းအဖြစ် ရှိနေပေးခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း ရေးသားဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ ဗစ်တိုးရီးယားကလည်း ၁၉နှစ်ပြည့် မင်္ဂလာ နှစ်ပတ်လည်အတွက် အမှတ်တရစာသားတွေ ရေးသားဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။

 

ဗစ်တိုးရီးယားနဲ့ ဒေးဗစ်ဘတ်ခမ်းတို့ဟာ ဒီလို မင်္ဂလာနှစ်ပတ်လည် မကျင်းပမီမှာ လမ်းခွဲ လိုက်ပြီဖြစ်ကြောင်း ကောလာဟလတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီလိုသတင်းတွေ ပေါ်ထွက် ခဲ့ပြီးနောက် မကြာမီမှာပင် ကြယ်ပွင့်စုံတွဲက သတင်းတွေ မှန်ကန်မှုမရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လအတွင်းကလည်း မိသားစုတွေအတူ အပြင်မှာ စားသောက်ခဲ့ကြတဲ့ ပုံတွေကို လူမှု ကွန်ရက်မီဒီယာပေါ်ကနေတစ်ဆင့် ဖော်ပြခဲ့ပါသေးတယ်။ လတ်တလောမှာလည်း မင်္ဂလာ နှစ်ပတ်လည်ကို ပြုလုပ်ခဲ့တာကြောင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သတင်းတွေဟာ လံုံးဝမှန်ကန်မှု မရှိဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

အေးပြည့်