ပဲခူး ၁၇  ဇန်နဝါရီ


မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် UNDP တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက  ပဲခူးမြို့ မြို့တော်ခန်းမ၌  ကျင်းပသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပြည်သူ့ ဝန်ထမ်းများသာမက နိုင်ငံသားအားလုံးကပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ အများပြည်သူ ပညာပေးခြင်း လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊ အဂတိတရားဆိုင်ရာ အသိပညာ ဗဟုသုတများစွာ ရရှိပြီး အဂတိတရား ကင်းရှင်းတဲ့ နိုင်ငံကြီးဖြစ်အောင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က အမှာစကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဦးအောင်သန်းမြင့်မှ ကော်မရှင်၏ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေနှင့် ဒေါက်တာတင်မောင်သန်း (သင့်ဘဝ) တို့က တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးကဏ္ဍကိုလည်းကောင်း၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက စီးပွားရေးလုပ်ငန်းများအတွက် တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးကဏ္ဍ ကိုလည်းကောင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်၊ ဒေါ်အိအိတင်က တာဝန်ယူမှုရှိသော သတင်းမီဒီယာကဏ္ဍကိုလည်းကောင်း၊ UMFCC တွဲဖက်အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်နှင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင် ဦးထိုက်လင်းတို့က တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းကဏ္ဍကို လည်းကောင်း၊ CSO ကိုယ်စားလှယ် ဦးတင်မောင်နိုင်က တာဝန်ယူမှုရှိသော CSO ကဏ္ဍကိုလည်းကောင်း အသီးသီး နွေးဆွေးတင်ပြ ခဲ့ကြသည်။
တက်ရောက်လာကြသူများမှ တာဝန်ယူမှုရှိသော အုပ်ချုပ်ရေး၊ စီးပွားရေး၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များ မေးမြန်ခဲ့ရာ၊ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

အခမ်းအနားသို့ ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ ဥအဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ UNDP မှ တာဝန်ရှိသူများ၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး အသင်းဖွဲ့များ၊ CSO များ၊ ဖိတ်ကြားထားသည့် ရပ်မိ/ရပ်ဖများ၊ သတင်းမီဒီများမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား ၅၀ဝ ခန့် တက် ရောက်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပေးပို့လာသည့် တိုင်စာ ၁၂၉ စောင်အား တစ်ခရိုင်ကို ဝန်ကြီးတစ်ဦး ဦးဆောင်သော အဖွဲ့ဝင် ကိုးဦးစီဖြင့် စိစစ်ဆောင်ရွက်လျက်ရှိရာ (၈၅)စောင် ဆောင်ရွက်ပြီးစီးသွားခဲ့ပြီး ဆောင်ရွက်ဆဲ (၄၄) စောင်ရှိကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)