ပရိသတ်အား အတွေးဆန်းဆန်းများဖြင့် ဖွဲ့စည်းထားသည့် သီချင်းသစ်များ မိတ်ဆက်ပေးတတ်သော သာဒီးလူ က ဒုတိယမြောက် တေးစီးရီး “ကျွန်တော်ရူးနေသည်” တစ်ကိုယ်တော်ခွေကို ဘိုဘိုမြူးဇစ် တေးထုတ်လုပ်ရေးမှ ယခုလ ၇ ရက်တွင် စတင်ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ဒီအခွေကို လွန်ခဲ့တဲ့တစ်နှစ်လောက်က စိတ်ကျန်းမာရေးနည်းနည်းချို့ယွင်းနေတဲ့ သူတစ်ဦးနဲ့ဆုံပြီး စကားပြောဖြစ်ခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော့်ရဲ့ ဒီအခွေလေး ဖြစ်လာတာပါ။ ဒီအခွေလေးက ပထမအခွေတုန်း ကလို ဒဿနပိုင်းသီးသန့်တော့လည်း မဟုတ်ပါဘူး။ သီချင်းထဲက စာသားတွေအကြောင်းရော၊ ပုံစံတွေ အားလုံးကို ခံစားတဲ့အခါ အရူးတစ်ယောက်လို ခံစားနိုင်ပါတယ်။ ကျွန်တော်မှန်မယ်ထင်တာတွေက အခြားသူတွေ အတွက် မှန်ချင်မှလည်း မှန်ပါမယ်။ အဓိကကတော့ အကြိုက်ချင်းက မတူနိုင်လို့ပါ။ ပထမအခွေနဲ့ ဒုတိယအခွေ ဘာတွေကွာခြားသလဲဆိုရင် ပထမအခွေတုန်းက ရောင်းမကောင်းခဲ့ဘူး။ မရောင်းရဘူး။ ဒါကြောင့်လည်း ဒုတိယအခွေထုတ်ဖို့ အချိန်တွေအများကြီးကြာသွားတယ်။ သီချင်းတွေ အားလုံးက ကျွန်တော်မွေးဖွားထားတဲ့ သားသမီးတွေလိုပဲ” ဟု သာဒီးလူက ပြောသည်။

 

အဆိုပါတေးစီးရီးတွင် တေးသီချင်းပေါင်း ၁၃ပုဒ်ခန့် ပါဝင်ပြီး သီချင်းများကို ဂျေမီနှင့် သာဒီးလူတို့ ရေးသား ထားကြသည့် ရော့ခ်သီချင်းများဖြစ်ကြောင်း သိရသည်။

 

ကိုလင်း