ရေစကြို ၈ ဇူလိုင်
ရေစကြိုမြို့တွင် ၁၅နှစ်ကျော်ခန့်က ပျောက်ကွယ်ခဲ့သော ဘင်ခရာတီးခတ်ခြင်းပညာကို ပြန်လည်ဖော်ထုတ်သောအားဖြင့် ဘင်ခရာသင်တန်းသားဟောင်းကြီးများမှ အ.ထ.က (၁)ကျောင်းဝိုင်းတွင်းတွင် ပြန်လည်သင်ကြားပေးလျက်ရှိရာ ရေစကြိုမြို့ပေါ်ရှိ ကျောင်းပေါင်းစုံမှ ဘင်ခရာတီးခတ်ရန် ဝါသနာပါသော ကျောင်းသား/သူလေးများ တက်ရောက်သင်ကြားကြလျက်ရှိသည်ဟု သိရသည်။
ကျွန်တော်တို့ ရေစကြိုမြို့မှာ ဘင်ခရာက အဆက်ပြတ်သွားတာလည်းကြာပြီဆိုတော့ ကလေးတွေအနေနဲ့ စိတ်ဝင်စားမှုတွေ နည်းသေးတယ် သူတို့ရှေ့မှာလည်း ဘင်ခရာတီးကြတာကလည်း မြင်ထားတာမရှိတော့ လူအင်အားကတော့နည်းသေးတယ် ဘင်ခရာသင်တန်းဖွင့်တဲ့ရက်ကိုတော့ ကျောင်းကော်မတီတို့ ပညာရေးမှူးတို့နဲ့ ညှိနှိုင်းပြီးတော့ သတ်မှတ်သွားရမှာပေါ့”လို့ ဘင်ခရာသင်တန်းကြီးကြပ် ကိုညီညီဝင်းက ပြောသည်။
ရေစကြိုမြို့တွင် လွန်ခဲ့သော ၁၅ နှစ်ကျော်ခန့်က ဘင်ခရာသင်တန်းအား ပြုလုပ်ခဲ့ကာ အဆိုပါနှစ်များနောက်ပိုင်းတွင် ဘင်ခရာတီးဝိုင်း ကိရိယာအား ကျောင် စတိုခန်းအတွင်းတွင် သိမ်းထားရာမှ ပျောက်သွားခြင်းကြောင့် ဘင်ခရာသင်တန်းများ ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဘင်ခရာပစ္စည်းများပျောက်ဆုံးမှု့မှာ ယနေ့အချိန်အထိ တရားခံမပေါ်သေးကြောင်း သိရသည်။ ထို့ကြောင့်ယခုအခါတွင် ကျောင်းကော်မတီများက တောင်းခံထားသည့် တိုင်းဒေသရန်ပုံငွေထဲမှ ငွေ ၁၀ သိန်းဖြင့်မတည်ကာ ကျောင်းပေါင်းစုံ ဘင်ခရာသင်တန်းကို ဖွင့်လှစ်သင်ကြားခြင်းဖြစ်သည်ဟု သိရသည်။
ပျောက်သွားတဲ့ တူရိယာတွေကို ပြန်ပြီးထူထောင်ရမှာရော ကလေးတွေအတွက် ဝတ်စုံဝယ်ရမှာတွေရောရှိသေးပါတယ် အကုန်လုံးအသစ်တွေလုပ်ဖို့အတွက် ကျောင်းသားဟောင်းတွေဆီကရောပေါ့ အလှူလည်းခံနေတယ် နောက်ထပ်ထူထောင်ဖို့အတွက်က သိန်း ၃၀ လောက်လိုနေပါသေးတယ် ဟိုတုန်းကတည်းက ရေစကြိုဘင်ခရာအနေနဲ့ ရပ်တည်ခဲ့တာပါ ဘင်ခရာသင်တန်းကြီးကြပ် ကိုညီညီဝင်းက ပြောသည်။
ယခင်ကရေစကြိုမြို့ ဘင်ခရာအဖွဲ့အား ဂန့်ဂေါ၊ ဇီးပြား၊ ကျော စသည့်မြို့များမှ ဖိတ်ခေါ်မှု့များရှိသောကြောင့် သွားရောက် တီးခတ်ရခြင်းမျိုးများရှိခဲ့ပြီး ပခုက္ကူခရိုင်အတွင်းတွင်လည်း တံတားဖွင့်ပွဲ၊ ကျောင်းဖွင့်ပွဲ၊သင်တန်းဆင်းပွဲများတွင် သွားရောက်တီးမှုတ်ပေးခဲ့ကြရသည်ဟု ဘင်ခရာသင်တန်းသားဟောင်းတစ်ဦးဖြစ်သူ ဦးအောင်မိုးထံက သိရသည်။
ရေစကြိုမြို့တွင် အဆိုပါ ဘင်ခရာသင်တန်းကို ဧပြီ ၂၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး သြဂုတ်လအထိ ဖွင့်လှစ်သွားမည်ဖြစ်သည်ဟု သိရသည်။
အိမွန်ဆွေ(ရေစကြို)