၁၁ ဇူလိုင်
တောင်ကိုရီးယားမင်းသမီး ဆောင်းဟေကိုနဲ့ လက်ရှိမှာ အကျော်ကြားဆုံးသော မင်းသားတစ်ဦးဖြစ်တဲ့ ပါ့ခ်ဘိုဂန်းတို့ ဇာတ်လမ်းတွဲသစ်မှာ တွဲဖက်ပါဝင်သွားမှာဖြစ်ကြောင်း လတ်တလောမှာတော့ ဘွန်းပစ်ချားက ထုတ်ဖော်ပြောကြားလာတာ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲမှာသူတို့နှစ်ဦး ဆုံတွေ့မှာဖြစ်ကြောင်း ရုပ်ရှင်အသိုင်းအဝိုင်းက ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပေမယ့် လတ်တလောမှာမှ ထုတ်လုပ်ရေးဘက်က ထုတ်ဖော်ပြောကြားလာတာ ဖြစ်ပါတယ်။ ဆောင်းဟေကိုဟာ မင်္ဂလာပွဲကျင်းပပြီးနောက် သူ့ရဲ့ ပထမဆုံးသော ဇာတ်လမ်းတွဲရုပ်ရှင်ကို လက်ခံရိုက်ကူးပေးဖို့ရာ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။
လပေါင်းများစွာ အဆိုပါဇာတ်လမ်းတွေမှာ ပါဝင်မှုနှင့်ပတ်သက်ပြီး ကောလာဟလတွေ ပေါ်ထွက်ခဲ့ပြီးနောက် လတ်တလောမှာတော့ လက်ခံလိုက်ပြီဖြစ်ကြောင်း ပြောကြားလာတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ ဆောင်းဟေကိုဟာ မင်းသား ပါ့ခ်ဘိုဂန်းနဲ့ တွဲဖက်ပါဝင်သွားရမှာဖြစ်ကြောင်း ကိုရီးယား ဘိုးဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ဒီဇာတ်လမ်းတွဲရဲ့အမည်ကိုတော့ “Boyfriend” လို့ ပေးထားပြီး ဆောင်းဟေကို ပါဝင်သွားမှာ ဖြစ်ကြောင်းနဲ့ ယခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ထုတ်လွှင့်သွားမှာ ဖြစ်ကြောင်းကိုတော့ ဘွန်းပစ်ချားက တရားဝင် ထုတ်ဖော်ပြောကြားလာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
“Boyfriend” ဟာ ဘဝမှာ အရာရာပြည့်စုံတဲ့ အမျိုးသမီးတစ်ဦးနဲ့ ပိုင်ဆိုင်မှုမရှိတဲ့ သာမန်အမျိုးသား တစ်ဦးအကြားက ဇာတ်လမ်းကို ပုံဖော်သွားမှာပါ။ အဓိက ဇာတ်ကောင်တွေဟာ သူတို့ရဲ့ဘဝတွေကို ဆက်လက် ထိန်းသိမ်းထားရမှာလား၊ သာမန်လူတစ်ဦးကဲ့သို့ နေထိုင်သွားရမှာလားဆိုတာ ဆုံးဖြတ်ရဖို့ရှိနေပြီး သူတို့နှစ်ဦးစလုံးရဲ့ တူညီတဲ့ ဆန္ဒကတော့ သူတို့ရဲ့ ဘဝတွေကို တစ်ရက်လေးဖြစ်ဖြစ် ပြောင်းလဲနေထိုင်လိုတာ ဖြစ်တယ်လို့ စသည်ဖြင့် ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားကြောင်း သိရပါတယ်။
အေးပြည့်