၁၄ ဇူလိုင်

 

HBO က ထုတ်လွှင့်ပြသခဲ့တဲ့ ရုပ်သံ ဇာတ်လမ်းတွဲ ''Game of Thrones''ဟာ ယခုနှစ်ရဲ့ ဆုပေးပွဲမှာတော့ ဆုအရေအတွက် အများဆုံး လျာထားခံခဲ့ရတာ ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ ဆန်ခါတင်စာရင်းကို ထုတ်ပြန် ပေးခဲ့ရာမှာတော့ ယင်းရုပ်သံဇာတ်လမ်းတွဲ ရုပ်ရှင်ဟာ ဆုပေါင်း ၂၂ ဆုအတွက် အမည် စာရင်း တင်သွင်းဖော်ပြခြင်းခံထားရပြီး ယခု နှစ်ရဲ့ ဆန်ခါတင်စာရင်းဝင် ရုပ်ရှင်တွေ အနက် ဆုအရေအတွက် အများဆုံးဖြစ်ခဲ့ ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။

 

ပြီးခဲ့တဲ့ကြာသပတေးနေ့က ဆန်ခါတင် စာရင်းကို ထုတ်ပြန်ပေးခဲ့ရာမှာ ''Game of Thrones'' က ဆုအများဆုံး ပါဝင်နေခဲ့တာ ဖြစ်ပြီး ''Emmys''ဆုပေးပွဲရဲ့ သမိုင်း တစ်လျှောက် ဆန်ခါတင်စာရင်းမှာ ဆုအရေ အတွက် အများဆုံးပါဝင်ခဲ့တဲ့ရုပ်ရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

လာမယ့် နှစ်အတွင်း ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးရာသီအဖြစ် ထုတ်လွှင့်သွားမယ့် ''Game of Thrones''ဟာ ယခင် ထုတ်လွှင့် ခဲ့ပြီးဖြစ်တဲ့ ရာသီတွေထက်ပိုမိုတိုတောင်းကာ အပိုင်းရှစ်ပိုင်းသာ ပါဝင်သွားမှာဖြစ်ပါတယ်။ ဇာတ်လမ်းအဆုံးသတ်ကိုလည်း ပေါက်ကြား မှုဖြစ်မှာ စိုးရိမ်တာကြောင့် ဇာတ်သိမ်း အမျိုးမျိုး ပြင်ဆင်ရိုက်ကူးထားကြောင်းလည်း သိရပါတယ်။ ဒီရုပ်ရှင်ဟာ ယခုနှစ်ရဲ့ ''Emmys'' ဆုပေးပွဲမှာတော့ သရုပ်ဆောင် ပိုင်းဆုတွေအပြင် အကောင်းဆုံးဇာတ်လမ်း တွဲဆုနဲ့ နည်းပညာပိုင်းဆိုင်ရာ ဆုတွေ အတွက်လည်း အမည်စာရင်း တင်သွင်း ဖော်ပြခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ 

 

ဒီဇာတ်လမ်းတွဲမှာ ပင်တိုင်ပါဝင်ထားတဲ့ ဇာတ်ပို့တစ်ဦးဖြစ်သူ ပီတာဒင့်ခ်လန့်ကလည်း ယခုနှစ် ဆုပေးပွဲမှာ စံချိန်သစ်တင်ခဲ့ပါတယ်။ သူဟာ ဇာတ်ပို့တစ်ဦးအနေနဲ့ ဆန်ခါတင် စာရင်းအများဆုံးဝင်ခဲ့သူ ဖြစ်လာခဲ့ပါတယ်။ သူဟာ ဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသခဲ့တဲ့ နှစ်တိုင်း အမျိုးသားဇာတ်ပို့ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ကာ ဒီနှစ်မှာတော့ ခုနစ်နှစ်မြောက် ပါဝင်ခဲ့တာဖြစ်ပြီး ဇာတ်ပို့ တစ်ဦးအဖြစ် အကြိမ်အများဆုံး ဆန်ခါတင် စာရင်းဝင်ခဲ့သူဖြစ်လာခဲ့ပါတယ်။

 

ဒုတိယအကြိမ် မဲပေးမှုတွေကိုတော့ လာမယ့် သြဂုတ်လအတွင်း ပြုလုပ်သွားမှာ ဖြစ်ပြီး ယခုနှစ်ရဲ့ ''Emmys''ဆုပေးပွဲကို တော့ လာမယ့် နိုဝင်ဘာ ၁၇ ရက်မှာ လော့စ်အန်ဂျလိစ်မှာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

 

အေးပြည့်