၁၈  ဇူလိုင်

 

၂၀၁၃ ခုနှစ်က ရိုက်ကူးရန်ပြင်ဆင်ထားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ အကြောင်းကို ဒုတိယ အကြိမ်မြောက်အဖြစ် ထပ်မံရိုက်ကူးမည်ဖြစ်ပြီး အဆိုပါ ရိုက်ကူးမှုကို ၂၀၁၉ ခုနှစ်တွင် စတင်မည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ပြသနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

 

အဆိုပါဇာတ်ကားအတွက် ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်မည့် မောင်ကျော်ကျော်မျိုးက “ဘောလုံးအားကစားနဲ့ ဘောလုံးသမားဘဝ ကျွန်တော် အခြေကျနေခဲ့ပြီးမှ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးဖို့ ရွေးချယ်ခံခဲ့ရပြီး နောက်ပိုင်း ဗိုလ်ချုပ်ရုပ်ရှင်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်ဖို့အတွက် လေ့ကျင့်မှုတွေကို နေ့ညမပျက် ပြင်ဆင်နေခဲ့ပါတယ်။ စောင့်နေရတာ ကြာနေပေမယ့် သူတို့ဘက်က ဖျက်လိုက်ပြီလို့ မပြောမချင်း ကျွန်တော့်ဘက်ကတော့ ကျွန်တော်ရွေးချယ်ထားတဲ့ အတိုင်းပါပဲ၊ ကျွန်တော် အခု အင်္ဂလိပ်စာနဲ့ ဂျပန်စာကို အဓိကထားပြီး သင်နေပါတယ်။ မြင်းစီးလည်း လေ့ကျင့်နေရတယ်။ နောက်တစ်ပတ်မှာ မြောက်ဥက္ကလာပက ဆရာဦးဇော်လင်း ဆီသွားပြီး ဗိုလ်ချုပ်ရဲ့ အသံအနိမ့်အမြင့်နဲ့ အမူအရာတွေ အလေ့အကျင့်တွေကို အနီးကပ်သင်ယူရမှာပါ။ ဒီဇာတ်ကားရိုက်ရင် ဗိုလ်ချုပ်နီးပါး သရုပ်ဆောင်နိုင်မယ်လို့လည်း အာမခံချက်ရှိပါတယ်။ အခုဆိုရင် ဓာတ်ပုံတစ်ပုံကအစ ဒီဓာတ်ပုံမှာ စကားပြောရင် ဘယ်လိုအနေအထား၊ လမ်းလျှောက်ရင် ဘယ်လို၊ ဆေးလိပ်သောက်ရင် ဘယ်လို၊ ဘေးတိုက်ကြည့်ရင် ဘယ်လိုဆိုတာမျိုးတွေကို အသေးစိတ်ကအစ လေ့လာနေပါတယ်။ ဒီအတွက် စောင့်နေခဲ့ရတာ အချိန်ခြောက်နှစ်တောင် ကြာခဲ့ပြီးပြီ။ ဒီရုပ်ရှင် ဖြစ်မြောက်ဖို့အတွက်ကတော့ ကျွန်တော် မန္တလေးမှာနေတုန်းက ဂျာနယ်တစ်စောင်ကို ဖြေခဲ့ဖူးသလိုပါပဲ။ သူတို့ဘက်က ဖျက်လိုက်ပြီလို့ မပြောမချင်း ကျွန်တော့်ဘက် ကတော့ ကျွန်တော်ရွေးချယ်ထားတဲ့ အတိုင်းပဲ”ဟု ၎င်းက ပြောသည်။

 

လက်ရှိတွင် မိသားစု စားဝတ်နေရေးနှင့် စီးပွားရေးသည် အခြေအနေယိမ်းယိုင် လျက်ရှိကြောင်း ယခင်က ဘောလုံး လက်ရွေးစင်အဖြစ် လုပ်ဆောင်နိုင်ခြင်းကြောင့် ကမ္ဘောဇအသင်းမှ အထောက်အပံ့ရရှိပြီး လစာလည်း မြင့်မားကြောင်း၊ ယခုအခါ ဘောလုံးအားကစားသမားဘဝကို စွန့်လွှတ်ကာ ဗိုလ်ချုပ်နေရာတွင် သရုပ်ဆောင်ခွင့် ရရှိရန် အားသွန်ကြိုးပမ်း ခဲ့သော်လည်း ရပ်တန့်သွားမည်မဟုတ်ဘဲ အရှိန်တင်ဖို့ရန် အတွက်သာ အာသီသရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားအတွက် အသုံးပြုရန် ငွေကျပ် သန်းတစ်ထောင့်ငါးရာ အသုံးပြုရန် ကနဦး လျာထားကာ လိုအပ်ပါက ငွေကျပ်သန်းသုံးထောင်အထိ အသုံးပြုသွားမည်ဖြစ်ပြီး လက်ရှိတွင် ငွေကျပ်ကျပ် သိန်းပေါင်း တစ်သောင်း နှစ်ထောင့်နှစ်ရာ ခုနစ်ဆယ့်ငါးသိန်းနှင့် အမေရိကန်ဒေါ်လာ လေးထောင့်ရှစ်ရာ တစ်ဆယ့်သုံးဒေါ်လာ လက်ခံရရှိထားကြောင်း သိရသည်။

 

ကိုလင်း