၁၉ ဇူလိုင်

 

အမျိုးသမီး Rapper တစ်ဦးအဖြစ် ဂီတလောကသို့ ဝင်ရောက်လာခဲ့သည့် စန္ဒီမြင့်လွင်သည် ဂီတအပြင် သရုပ်ဆောင်လုပ်ငန်းများတွင်လည်း အောင်မြင်မှုများရရှိထားသူဖြစ်သည်။ လေးခွေမြောက် တေးစီးရီးဖြစ်သည့် Queen ကို ထွက်ရှိထားခဲ့ပြီး ချစ်သောသူနှင့် အောင်မြင်သော အိမ်ထောင်တစ်ခုကိုလည်း ထူထောင်ထားသည်။ ယခုအခါ ဂီတလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်တော့မည်ဖြစ်ပြီး တေးစီးရီးသစ်အတွက်လည်း အများကြီး မျှော်လင့်ထားကြောင်း သူကပြောသည်။

 

"မွေးနေ့မှာသီချင်းအသစ်ထုတ်ဖို့လုပ်နေတယ် Album အတွက်လည်းလုပ်နေပါတယ် တော်တော်လေးပြီးနေ ပါပြီ။ Album မှာအချိန်တွေကပြောင်းလာတော့လည်း သီချင်းလေးတွေ music လေးတွေနည်းနည်းတော့ ပြောင်းမယ်ပေါ့။ အရမ်းတော့မပြောင်းတော့ပါဘူး။ ကိုယ့်ရဲ့ ပုံစံလေးအတိုင်းတော့ သွားမှာပါ။ မနှစ်က သီချင်းတွေဆိုမကြိုက်လိုဖြုတ်လိုက်တယ်။ အသစ်တွေပြန်ထည့်တယ်။ မျှော်လင့်ချက်နဲ့တော့မလုပ်ပါဘူး။ အကောင်းဆုံးဖြစ်အောင်လုပ်ပါတယ်။ ပရိတ်သတ်ကြိုက်ပါ့မလား၊ မကြိုက်ဘူးလားလို့မတွေးတော့ဘူး။ ပရိတ် သတ်နဲ့အဆင်ပြေအောင်တော့လုပ်မယ်။ ကြိုက်ရင်တော့ပျော်စရာဝမ်းသာစရာပေါ့ အရမ်းတော့ မမျှော်လင့် ပါဘူး။ Title ကတော့ နံပါတ် ၅ပေါ့နော်။ ၅ ဂဏန်းကြိုက်တယ်လေ။ Album ကလည်း ၅ ခွေမြောက်လေ သီချင်းကအစ ၅ ပုဒ်လောက်ထည့်ဖို့အစီအစဉ်ရှိပါတယ်။ အခုတော့ ပိုသွားမလား မသေချာတော့ဘူး”ဟု စန္ဒီမြင့်လွင်က ဆိုသည်။

 

အွန်လိုင်းမှတစ်ဆင့်သာ တေးသီချင်းသစ်များကို ထုတ်လွှင့်လာရသည်မှာ ပရိသတ်အတွက် အဆင်ပြေကောင်း ပြေသော်လည်း အနုပညာရှင်အတွက်တော့ စီးပွားရေးထိခိုက်လာရကြောင်း၊ ဈေးကွက်သည်လည်း အားရ ဖွယ်မဟုတ်သေးသဖြင့် စိတ်ပူရကြောင်း၊ ရုပ်ရှင်လည်း ပြန်လည်ရိုက်ကူးလိုကြောင်း၊ အသက်ကြီးလာသော်လည်း Rap စာသားများကို ဆက်လက်ရွတ်ဆိုနေချင်သေးကြောင်း စန္ဒီမြင့်လွင်က မြန်မာ့ အလင်း၏ အနုပညာပရိသတ်ကြီးအား ပြောပြသည်။

 

ကိုလင်း