ရန်ကုန် ၂၃ ဇူလိုင်
ကိုစိုးသန်း(ထားဝယ်)က စီစဉ်ပြီး ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်သည့် “ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2)” ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြို မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံ၌ ကျင်းပခဲ့ပြီး ဇူလိုင် ၂၇ ရက်မှစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်းနှင့် ဒါရိုက်တာ ဝိုင်းက ရိုက်ကူးထားခြင်းဖြစ်ပြီး လူငယ်တစ်ယောက် အနေဖြင့် အမှား၊ အမှန်မခွဲခြားဘဲ မိမိစိတ်၏ စေစားရာအတိုင်း အလိုလိုက်အကြိုက်ဆောင်မိရာမှ လမ်းမှား ရောက်ရှိသွားပုံတို့ကို အခြေခံကာ လုပ်ငန်းခွင်အဆင်မပြေမှုနှင့် မိမိကြိုက်နှစ်သက်နေသည့် ချစ်သူကို ရရှိပိုင်ဆိုင်နိုင်ရန်အတွက် အောက်လမ်းပညာဖြင့် ပြုလုပ်ထားသော အစီအရင်များကို အသုံးပြုကာ စိတ်ထင်ရာစိုင်းခဲ့ပုံ၊ စိတ်၏ စေစားရာကို အလိုလိုက်မိသည့်အတွက် အောက်တန်းကျသည့် လုပ်ရပ်များကို အမှား၊ အမှန်မခွဲခြားနိုင်ဘဲ ပြုလုပ်ခဲ့သည့်အပြင် ကိုယ်ကိုယ်တိုင် ဒုစရိုက်မှုများကို ကျူးလွန်မိသည်အထိ ရောက်ရှိသွားပုံတို့ကို သင်ခန်းစာရယူနိုင်ရန် ရည်ရွယ်ရိုက်ကူးထားခြင်းဖြစ်သည်။
ယင်းရုပ်ရှင်ဇာတ်ကားတွင် အလင်းရောင်၊ ကျော်ထက်အောင်၊ ဖွေးဖွေး၊ရတနာဗိုလ်နှင့် အခြားသော အနုပညာရှင်များစွာဖြင့် ပုံဖော်ထားကာ အချစ်၊ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ၊ ထိတ်လန့်ချောက်ချားဖွယ်ရာ စသည်ဖြင့် ရသမျိုးစုံပါဝင်အောင် ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ကြောင်း သိရသည်။
တက်ညီလက်ညီ ကြိုးစားထား
ဇာတ်ညွှန်းနှင့် ဒါရိုက်တာ ဝိုင်းက “ဒီဇာတ်ကားရိုက်ဖြစ်ရတဲ့ အကြောင်းကတော့ အောက်လမ်းပညာရပ်ဟာ မကောင်းတဲ့ ပညာရပ်တစ်ခုဖြစ်တယ်ဆိုတာကို ပြလိုတာကြောင့် ရိုက်ကူးဖြစ်တာပါ။ အဓိကကတော့ ဒီဇာတ်ကားမှာ အချစ်လည်းပါမယ်။ သရဲလည်းပါမယ်။ ထိတ်လန့်ဖွယ်လည်းပါတဲ့ ရသစုံဇာတ်ကားပါ။ ဒီဇာတ်ကားကနေ အဓိကပြောချင်တာကတော့ လူတစ်ယောက်ရဲ့ထားတဲ့ စိတ်ပါပဲ။ လူတစ်ယောက်ရဲ့ ထားတဲ့စိတ်ဟာ ကောင်းတဲ့စိတ်လေးထားရင် ကောင်းတဲ့အလုပ်ကို ကြံစည်မယ်။ ကောင်းတဲ့ အလုပ်ကို လုပ်မယ်။ မကောင်းတဲ့စိတ်ကိုထားမယ်ဆိုရင် မကောင်းတဲ့အကြံစည်ကို ကြံမယ်။ မကောင်းမှုကိုပြုမူမယ်။ မကောင်းတဲ့ အလုပ်ကိုလုပ်မယ်။ ရှင်းရှင်းလေးပါပဲ။ အဓိကကတော့ သူ့ရဲ့စိတ်ပါပဲ။ ရိုက်ကူးတဲ့အခါမှာလည်း သရဲကားတွေရိုက်သလိုမျိုး အဲဒီအိမ်ကြီးတစ်ခုလုံးကလည်း ကိုယ်လိုချင်တဲ့ အိမ်ကြီးမျိုးဖြစ်ရမယ်။ အဲဒီအရှေ့က အပင်ကြီးတစ်ပင်လုံးကို ရွှေ့ရတာတို့၊ ရေခဲတိုက်တွေ တည်ဆောက်ရတာတို့ ရှိပါတယ်။ နောက်တစ်ခုကတော့ နောင်နောင် ဆိုတဲ့ ဇာတ်ကောင်စရိုက်ကိုဝင်အောင်သွင်းရတာမျိုးတွေ လုပ်ရပါတယ်။ အားလုံးတက်ညီ လက်ညီကြိုးစားထားတဲ့ကားပါ။ ဇူလိုင် ၂၇ ရက်နေ့ရုံတင်မှာပါ။ ပရိသတ်တွေရဲ့ အသံကိုကျွန်တော် နားထောင်ချင်ပါတယ်”ဟု ပြောသည်။
သရုပ်ဆောင် အလင်းရောင်က “ဒီဇာတ်ကားထဲက နောင်နောင်ဆိုတဲ့ကျွန်တော့်ရဲ့ ဇာတ်ကောင် စရိုက်ကတော့ ရလိုမှုအလွန်များပြီး ပေါ့ပေါ့တန်တနနေတတ်တယ်။ စနစ်တကျမနေတတ်ဘဲ ရလိုမှု အလွန်ကြီးတော့ အောက်တန်းအကျဆုံးအထိ ဖြစ်သွားတာမျိုးပါ။ အရင်တုန်းကတည်းက ပရိသတ်နဲ့ ကျွန်တော်နဲ့ စိန်ခေါ်မှုများမယ့် ဇာတ်ကောင်စရိုက်ပုံစံမျိုးကို ရိုက်ကူးရတာပိုပြီးတော့ ကြိုက်တယ်။ ဒီဇာတ်ကားမှာ ကိုဝိုင်းရဲ့ သင်ကြားပြသမှုတွေအတိုင်း လုပ်ခဲ့တာပါ။ ဒီဇာတ်ကားမှာ အားမလိုအားမရဖြစ်တဲ့ အပိုင်းတွေအနေနဲ့ကတော့ အများကြီးလိုအပ်နေပါသေးတယ်။ အဲဒီအချိန်တုန်းက လုပ်နိုင်တဲ့ အတိုင်းအတာအထိ ကြိုးစားထားတဲ့အတွက် အားရကျေနပ်ပါတယ်”ဟုပြောသည်။
မယုံလို့လည်းမရ၊ ယုံလို့လည်းမရ
သရုပ်ဆောင် ဖွေးဖွေးက “ဒီဇာတ်ကားမှာ သာယာအဖြစ် သရုပ်ဆောင်ထားပါတယ်။ အလင်းရောင် ခေါ် နောင်နောင်ရဲ့ အခင်ဆုံးသူငယ်ချင်းတစ်ယောက်ပါ။ ကိုကျော်ထက်အောင်ရဲ့ ချစ်သူအနေနဲ့ ပါဝင်ထားတာပါ။ ဒီဇာတ်ကားမှာဆိုရင် ဝမ်းနည်းတဲ့အပိုင်းတွေမှာ ရိုးရိုးဝမ်းနည်းတာမျိုး မဟုတ်ဘူး။ လိပ်ပြာငယ်အောင်၊ သိမ်ငယ်အောင်လုပ်ခံထားရတာဆိုတော့ အမြဲတမ်းကြောက်ရွံ့နေတဲ့ ပုံစံမျိုးဖြစ်အောင်လို့ ကြိုးစားထား ပါတယ်” ဟု ပြောသည်။
သရုပ်ဆောင် ကျော်ထက်အောင်က “ဒီဇာတ်ကားထဲမှာတော့ ကျွန်တော်က မိဘတွေဆုံးသွားပြီး မိဘတွေရဲ့ လက်ငုတ်လက်ရင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေတဲ့ သူဌေးသားလေး၊ ညီမလေးကို စောင့်ရှာက်နေတဲ့ သူတစ်ဦးပါ။ ကိုဝိုင်းက စနစ်တကျသင်ပေးပါတယ်။ ဒီဇာတ်ကားက ဖြစ်နိုင်တာ၊ မဖြစ်နိုင်တာဆိုတာထက် နိုင်ငံခြားသရဲကားတွေမှာ ခံစားရတာမျိုးခံစားရမှာပါ။ သရဲကားကြိုက်တဲ့သူမျိုး၊ ဒီလိုအရသာမျိုးကြိုက်တဲ့ သူမျိုးဆိုရင်လာကြည့်သင့်ပါတယ်။ အခုခေတ်ကာလမှာ အောက်လမ်းပညာကို ရိုက်ပြတာ Social Media တွေမှာလည်း အများကြီးတက်လာတာ တွေ့ရပါတယ်။ အဲဒီအတွက် Social Media ပေါ်လာမှ ကျွန်တော်တို့က ဒါတွေကို သိရတာ၊ ဟိုအရင်တုန်းကလည်း ရှိကောင်းရှိပါလိမ့်မယ်။ ဒါဟာ သဘာဝနဲ့ အနီးကပ်ဆုံးမှာရှိတာကို ရိုက်ပြရတဲ့ရုပ်ရှင်ဆိုတော့ အဲဒီအတွက်ကြောင့် ဒီဇာတ်လမ်းမျိုးဟာ မယုံလို့လည်းမရပါဘူး။ ယုံလို့လည်းမရပါဘူး”ဟု ပြောသည်။
သရုပ်ဆောင် ရတနာဗိုလ်က “ဒီကားထဲမှာ ကိုကျော်ထက်အောင်ရဲ့ညီမ ပုံပုံ ဆိုတဲ့နေရာက ပါဝင်သရုပ်ဆောင်ရတာပါ။ ကိုဝိုင်းရဲ့ သင်ကြားမှုတွေနဲ့ကိုယ်ကိုယ်တိုင် သရုပ်ဆောင်ခဲ့မှုတွေကို ကျေနပ်အားရမှုရှိပါတယ်။ ဒီကားနဲ့ပတ်သက်ပြီး သေသေချာချာ လုပ်ဆောင်ခဲ့ရတာလေးတွေ၊ သရဲမ နေရာကနေပါဝင်ရတဲ့အတွက် အဲဒီသရဲအိုက်တင်နဲ့ပတ်သက်ပြီးတော့ အမှတ်တရတွေအများကြီးရှိပါတယ်။ ပရိသတ်ကြီးအနေနဲ့ ဒီကားလေးကို လာရောက်အားပေးကြပါ။ တကယ်ကောင်းတဲ့ကားလေးဖြစ်လို့ ကြည့်ရကျိုးနပ်မှာပါ” ဟုပြောသည်။
ဇာတ်လမ်း အကျဉ်းအနေဖြင့် နောင်နောင်နှင့် သာယာတို့သည် ငယ်စဉ်ဘဝကပင် တစ်လမ်းတည်းနေ အိမ်နီးနားချင်း သူငယ်ချင်းများဖြစ်ကြသည်။ နောင်နောင်နှင့် သာယာတို့ အရွယ်ရောက်လာကြသောအခါ နောင်နောင်ကရေသန့်စက်များရောင်းသည့် ကုမ္ပဏီတွင် အရောင်းမန်နေဂျာအဖြစ်ဝင်ရောက်လုပ်ကိုင်ပြီး သာယာကမူ သူဝါသနာပါသော မီဒီယာဂျာနယ်အလုပ်ကိုသာ ရွေးချယ်လုပ်ကိုင်သည်။ သူတို့နှစ်ယောက်မှာ အဖေများကလည်းရှေ့ဆင့် နောက်ဆင့်ဆိုသလို ဆုံးပါးသွားသဖြင့် ဘဝတူချင်းဖြစ်သောကြောင့် တစ်ယောက်ကိုတစ်ယောက် အလွန်တွယ်တာကြလေသည်။ နောင်နောင်ကသာယာကို ထိုစဉ်ကတည်းက တိတ်တခိုးချစ်နေခဲ့သည်။
ရသမျိုးစုံပါဝင်
နောင်နောင်မှာ လုပ်ငန်းများတွင် အရောင်းကျနေသဖြင့် သူဌေး၏ဆူပူခြင်းကို မကြာခဏခံရလေသည်။ သာယာက နောင်နောင်ကို ဇွဲမလျှော့ရန်အားပေးသည်။ သို့သော် နောက်ဆုံးတွင် သူဌေးက ဒီလတွင် အရောင်းစံချိန်မမီလျှင် အလုပ်ထွက်ရမည်ဟု ပြောဆိုလာသောကြောင့် နောင်နောင်တစ်ယောက်ရတက်မအေး ဖြစ်ရလေသည်။ နောင်နောင် ကြံရာမရသည့်အဆုံး သူငယ်ချင်းဖြစ်သူ ညီညီကို ရင်ဖွင့်တိုင်ပင်ပြီး အောက်လမ်းဆရာ တစ်ယောက်နှင့်ချိတ်ဆက်ကာ အောက်လမ်းနည်းဖြင့် အစီအရင်များပြုလုပ်ပြီး သူ၏လုပ်ငန်းခွင် အခက်အခဲကို ဖြေရှင်းခဲ့ရာ အံ့အားသင့်ဖွယ်ရာ ပြေလည်သွားခဲ့သည်။
ထို့အတူ နောင်နောင် အလုပ်ရှုပ်နေသည့်အချိန်နှင့်တစ်ပြိုင်နက် သာယာမှာလည်း မွေးနေ့ပွဲတွင် သိရသော စိုးမိုးနှင့် ချစ်သူများဖြစ်နေကြပြီဖြစ်သည်။ ထိုအကြောင်းကို နောင်နောင် သိရှိသွားရာ နောင်နောင်ရင်ကွဲရသည်။ အသည်းကွဲသည့် ဒဏ်ရာက ခံရခက်သည့်အတွက် မခံစားနိုင်သည့်အဆုံးတွင် အောက်လမ်းဆရာကြီးထံတွင် သွားရောက်ကာ အစီအရင်ပြုလုပ်ပြီး သာယာထံမှအချစ်ကို ရရှိရန်ကြိုးစားပုံ၊ အောက်လမ်းအစီအရင်များကြောင့် ခြောက်လှန့်ခံရပုံတို့အပြင် လူငယ်တစ်ဦးအနေဖြင့် စိတ်၏ စေစားရာအတိုင်း အမှား၊ အမှန်မခွဲခြားဘဲ ဆောင်ရွက်ခဲ့မှုတို့ကြောင့် ဖြစ်ပေါ်လာသည့် ကြေကွဲဝမ်းနည်းဖွယ် အကြောင်းအရာများနှင့် ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်များကို ရသမျိုးစုံပါဝင်အောင် ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်