စလင်း ၁၇ ဇန်နဝါရီ 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ဝက်သည်းကန်သည် စလင်းမြို့၏ အနောက်ဘက် ကပ်လျက်တွင် တစ်ဆက်တစ်စပ်တည်း တည်ရှိပြီး အနောက်ကန်ဘောင်ကျေးရွာအုပ်စု၊ အောက်လှိုင်းကျေးရွာအုပ်စု၊ တမာချောင်ကျေးရွာအုပ်စု၊ ဆင်ကျုံးကျေးရွာအုပ်စုများ၏ နယ်နမိတ်အတွင်း (၁.၇) မိုင်ကျယ်ဝန်း၍ ဧကအားဖြင့် (၁၀၈၈) ဧကကျယ်ဝန်းသည်။

ယင်း ကန်တော်မင်္ဂလာအတွင်း၌ ကြာရိုးမှကြာချည် ထုတ်လုပ်ရရှိသည့် ပဒုမ္မာကြာတောကြီးများ နေရာအနှံ့ ရှိသည့်အပြင် ကြာမျိုးစုံနှင့် ဗေဒါပင်များလည်းရှိသည်။ ယခင်က ပဒုမ္မာကြာရိုးမှ ကြာချည်ထုတ်လုပ်ခြင်း လုပ်ငန်းကို လုပ်ကိုင်လာခဲ့ကြရာ ကြာချည်များမှာ အရည်အသွေးမပြည့်မီသည့်အတွက် ကြာချည် ဈေးကွက်တွင် ဈေးကောင်းရရှိခြင်း မရှိခဲ့ပေ။

ယခုအခါတောင်ကြီး၊ အင်းလေးဒေသမှ ကြာချည်ထုတ်လုပ်သည့် နည်းပညာများ ရရှိလာပြီး ကြာချည်များ ထုတ်လုပ်ခဲ့ရာ အရည်အသွေးမီသည့် ကြာချည်များ ထုတ်လုပ်နိုင်ခဲ့ရာ ဈေးကွက်တွင် ဈေးကောင်း ရရှိလာခဲ့သည်။ 

ကြာချည်တစ်ကျပ်သားလျှင် ကာလပေါက်ဈေး ကျပ် ၃၀ဝဝဝ ရရှိရာ ကြာချည်လုပ်သားများနှင့် ကြာချည် လုပ်ငန်းရှင်များ တွက်ခြေကိုက်လျက်ရှိသည်။

သို့သော်လည်း ထွက်ရှိသည့် ကုန်ကြမ်းကြာချည်ကို ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရန် နည်းပညာများလိုအပ်လျက်ရှိသည်။ ကြာချည်ထုတ်လုပ်သည့် လုပ်ငန်းကို ဒေသခံကျေးရွာ (၇) ရွာမှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

MDN

 

mdn