၃ သြဂုတ်
သံစဉ်မြူးမြူးလေးတွေနှင့် ယနေ့ခေတ်လူငယ်တွေအကြိုက် ဖန်တီးတက်သည့် အဆိုတော် ဟဲလေး တစ်ယောက် ယခုလ (၅) ရက်နေ့တွင် The Sun Music တေးထုတ်လုပ်ရေးကနေ ဖြန့်ချီမည့် အဆိုတော် သွန်း၏ အချစ်နန်းတော် တေးစီးရီးတွင် ပါဝင်သီဆိုထားကြောင်းသိရပြီး၊ ဂီတအနုပညာအဖြစ် တစ်ကိုယ်တော်ခွေအဖြစ် ထွက်ရှိနိုင်ရန်ပြင်ဆင်နေကြောင်း သိရသည်။
"မသွန်းနဲ့တော့ တစ်ခါမှာ မဆိုဘူးပါဘူး၊ သူ့သီချင်းလေးတွေလည်း ကျွန်တော် နားထောင်ဘူးတာရယ်၊ သူကလည်း " အချစ်နန်းတော်" သီချင်းကို စုံတွဲဆိုချင်တယ်ဆိုပြီး ကမ်းလှမ်းလာတာမို့ ဆိုဖြစ်ခဲ့တာပါ၊ သီချင်းပုံစံလေးကလည်း မြန်မာသံဘက်လည်းမရောက်သလို၊ အနောက် တိုင်းလည်းမဆန်ဘူး မြင်နေ ၊ ကြားနေကြပုံစံလေးနဲ့ ကွာခြားချင်တဲ့ သဘောနဲ့ ဆိုဖြစ်ခဲ့တာပါ၊ နောက် စက်တင်ဘာလထဲမှာ ကျွန်တော်ရဲ့ " အကောင်းဆုံးတေးများ"ဆိုပြီး အမည်ပေးထားတဲ့ သီချင်းခွေလေး ချိူကြည်သာတေးထုတ်လုပ်ရေးကနေ ထွက်ဖို့ရှိပါတယ်၊ ကျွန်တော့်အနေနဲ့ ဂီတသက်တမ်း (၁၈) နှစ်ပြည့် အမှတ်တရခွေလေးဆိုလည်း မမှားပါဘူး၊ သီချင်းအားလုံး (၂၀) လောက်ရွေးထားပေမဲ့၊ (၁၆) ပုဒ်လောက်ပဲ ထည့်ထားပါတယ်၊ သီချင်းသစ်လေး တစ်ပုဒ်တော့ ထည့်ထားတယ်ဗျ၊ အဆိုတော် ထက်မွန်နဲ့ သီဆိုထားတဲ့ သီချင်းသစ်လေးပါ၊ နောက်ထပ် ကျွန်တော်သီချင်းအများကြီး ဖန်တီးတာထက် တစ်ပုဒ်ချင်းဆီ ပရိသတ်ကို ချပြသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သီချင်းကောင်းကောင်းလေး တစ်ပုဒ်ရွေးထားပါတယ်၊ အမ်တီဗွီအဖြစ်နဲ့ လုပ်မှာပါ၊ " ဟု ဆိုသည်။
လက်ရှိ ဂီတဈေးကွက် ပျက်နေသော်လည်း ဟဲလေးအနေဖြင့် လတ်တလောတွင် သူ၏ ဂီတဖန်တီးမူကို ပံ့ပိုးကူညီပေးနေသော သူများရှိနေသေးကြောင်း၊ ထို့ကြောင့် တေးသီချင်းများကို မိမိစိတ်ကြိုက် ဖန်တီးနေကြောင်း သိရသည်။
"စိတ်ကြိုက် သေချာရွေးချယ်ပြီးလုပ်တတ်တဲ့ အချက်ကြောင့်ပဲ ကျွန်တော့်ကို အားပေးကြတယ်၊ ကူညီကြတယ်လို့ ထင်ပါတယ် ၊ ကျွန်တော်တို့ ဂီတလောကဆိုတာကြီးက လုံးဝစုတ်ပြတ်နေတာ ဒါကိုတောင် ကျွန်တော့်ကို ပရိုဂျူဆာတွေက သူတို့အရှုံးအမြတ်မတွက်ဘဲ လုပ်ပေးကြတယ်။ စပွန်ဆာပေးကြတယ်ဆိုတော့ ကိုယ့်အတွက် ပရိသတ်ကို အကောင်းဆုံးတွေ ချပြနိုင်သေးတယ်လို့ပြောလို့ရပါတယ် " ဟု ထပ်မံပြောကြားခဲ့သည်။
၎င်းအနေဖြင့် ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ်ရန် စီစဉ်ထားပြီး လာမည့် ၂၀၁၉ ခုနှစ် (၁) လပိုင်းတွင် ပြုလုပ်မည်ဟု သိရသည်။
ကိုလင်း