ရန်ကုန် ၃ သြဂုတ်
စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေး က ထုတ်လုပ်သည့် ``ဣတ္ထိယ´´ ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်း အကြိုမိတ်ဆက်ပွဲ အခမ်းအနားကို သြဂုတ် ၂ ရက် ညနေ ၆ နာရီခွဲ က ရန်ကုန်မြို့၊ Junction City ရှိ JCGV ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး သြဂုတ် ၁၀ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး) က ရိုက်ကူးထားခြင်းဖြစ်ပြီး ငယ်စဉ်ကတည်းက မိဘများဆုံးပါးသွား၍ ဘဝကို ကြမ်းတမ်းခက်ခဲစွာ နေထိုင်ဖြတ်သန်းရင်း စိတ်ကြမ်း လူကြမ်းများ ဖြစ်လာခဲ့ရသော ညီအစ်မ သုံးဦးတို့၏ နေထိုင်မှု ပုံစံအလွဲများ၊ မိမိဘက်က မည်မျှပင် မှန်ကန်နေစေကာမူ မိမိကိုယ်ပိုင် ဥပဒေဖြင့် ဆုံးဖြတ်၍ မရနိုင်ဘဲ တရားဥပဒေ ဘောင်အတွင်းက ဖြေရှင်းရမည်ဆိုသည့် အကြောင်းအရာအသိအမြင်များ၊ ရွာသူရွာသားများက အစပြု၍ ကမ္ဘာသူ၊ ကမ္ဘာသားများအဆုံး အားလုံးသော သက်ရှိလူသားတို့အနေဖြင့် မိမိတို့နေထိုင်ရာ အဝန်းအဝိုင်းအတွင်း၌ စည်းလုံးညီညွှတ်စွာ ချစ်ချစ်ခင်ခင် နေထိုင်ခြင်းသည်သာ အမှန်ကန်ဆုံးသော နေထိုင်မှု လမ်းစဉ်ဖြစ်ကြောင်း ပညာပေးသည့် သဘောဖြင့် ရည်ရွယ်ကာ ဟာသ သဘောရောစွက် ရိုက်ကူးထားခြင်းဖြစ်သည်။
ယင်း ရုပ်ရှင်ဇာတ်ကားတွင် အလင်းရောင်၊ ဖွေးဖွေး၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ခင်လှိုင်နှင့် အခြားသော အနုပညာရှင်များစွာဖြင့် ပုံဖော်ထားကာ အချစ်၊ ဟာသ၊ အက်ရှင် ဇာတ်ကြမ်း၊ ပညာပေး ဇာတ်လမ်း မျိုးအစား ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ကြောင်းသိရသည်။
ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး) က ``အခုဆိုရင် နယ်တွေမှာ အရွယ်ရောက်တဲ့ ယောကျာ်းတွေက ကိုယ့်ဒေသမှာ အလုပ်မလုပ်ကြတော့ဘဲနဲ့ နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ်ကြတော့ သက်ကြီးရွယ်အိုတွေနဲ့ မိန်းမတွေပဲ ကျန်ခဲ့တယ်။ အဲ့ဒီတော့ တစ်ရွာလုံးမှာ မိန်းမတွေပဲရှိတဲ့အတွက်ကြောင့် ဣတ္ထိယလို့ နာမည်ပေးလိုက်တာပါ။ ဒီဇာတ်ကားလေးကတော့ ကျွန်တော်ရိုက်ခဲ့တဲ့ ဇာတ်လမ်းတွေထဲမှာ မတူတဲ့ ပုံစံတစ်မျိုးနဲ့တင်ဆက် ပေးထားတာပါ။ မင်းသမီး သုံးယောက်ကိုအဓိက အနေနဲ့ တင်ပြထားတာပါ။ ပထမဆုံး ဇာတ်ကိုစဉ်းစားတယ်။ ပြီးတော့မှ မင်းသမီးတွေကို အခြေခံပြီးတော့မှ ဇာတ်ကိုပြန်ယူခဲ့ရတာပါ။ မင်းသားဦးစားပေး မဟုတ်တော့ဘဲနဲ့ မင်းသမီး ဦးစားပေး ဖြစ်သွားတာပါ။ ရွာမှာ တစ်ယောက်တစ်မျိုး ပုံစံတွေနဲ့နေကြတယ်။ စိုးမြတ်သူဇာက မြို့နဲ့ရွာကို ထော်လာဂျီမောင်းတယ်။ ခိုင်သင်းကြည်ကတော့ ငွေတိုးချေးစားတယ်။ ဖွေးဖွေး ကတော့ မင်္ဂလာဆောင် လိုမျိုးတွေကို ကန်ထရိုက်ယူတာမျိုးတွေလုပ်တယ်။ အဲဒီလိုပုံ သဏ္ဍာန် ဇာတ်ရုပ်မျိုးပါ။ တစ်ယောက် တစ်မျိုးစီ ဇာတ်ရုပ်တွေပေးထားပါတယ်။ အပြင်မှာလည်းတချိုကျေးရွာတွေမှာ ဒီလို မျိုးပုံစံတွေရှိပါတယ်။ အဲဒီလိုဟာမျိုးတွေကို အခြေခံထားတာပါ´´ ဟုပြောသည်။
သရုပ်ဆောင် အလင်းရောင် က``အဓိကတော့ ဒီကားမှာ မခိုင်လေးရယ်၊ မကြီးစိုးရယ်၊ ဖွေးဖွေးရယ် သူတို့ သုံးယောက်ရဲ့ဇာတ်ပါ။ ကျွန်တော်ကတော့ ဒီကားမှာ ပါဝင်ပံ့ပိုးတဲ့အနေနဲ့ပဲ သရုပ်ဆောင်ရတာပါ။ ကျွန်တော်က ဟာသတွေသိပ်မရဘူး။ ကျွန်တော့် မှာလိုအပ်ချက်တွေတော့ရှိနေဦးမှာပါ။ ဒီကားရဲ့ အမှတ်တရဆိုရင်တော့ ကျွန်တော်က အသစ်တစ်ယောက်အနေနဲ့ ဇာတ်ကားတွေကို ကျွန်တော်ရိုက်တဲ့အချိန်မှာ နှစ်ကားပြိုင် မရိုက်ဖူးဘူး။ အဲဒီတုန်းကတော့ ကားနှစ်ကားလာတိုက်နေတယ်။ နေ့ခင်းမှာ ဒီဘက်မှာ လာရိုက်တယ်။ ညပိုင်းမှာ ဟိုဘက်မှာ သွားရိုက်ရတာဆိုတော့ ဇာတ်ရုပ်ပိုင်းမှာ အသစ်တစ်ယောက်အနေနဲ့ဆိုတော့ မကွဲတော့ဘူး။ နောက်ပိုင်းမှာ တော့ အဲဒီလို မလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါလေးကတော့ အမှတ်တရဖြစ်ရပါတယ်။ ဒီကားလေးကို သြဂုတ် ၁၀ ရက်နေ့မှာရုံတင်ပြသမှာပါ။ ဒီကားလေးက ပရိတ်သတ်အတွက် ဟာသ ရသ ပေးစွမ်းနိုင်မယ့် ကားလေးပါ။ ´´ ဟုပြောသည်။
သရုပ်ဆောင် ခိုင်သင်းကြည် က``ဒီဇာတ်ကားထဲမှာ မခိုင်လေးရဲနာမည်ကတော့ ``သေးသေးတင်´´ပါ။ ညီအစ်မ သုံးယောက်ထဲမှ အလတ်မပါ။ မခိုင်တို့ ညီအစ်မ သုံးယောက်က ဆတ်ဆတ်ထိ မခံကြဘူးပေါ့။ ညီမတွေ သုံးယောက်လုံးကိုလုံးဝထိလို့ မရဘူး။ ကိုယ်တို့ကပဲ ဗိုလ်ဖြစ်ချင်တာမျိုးပါ။ ဒီဇာတ်ကားထဲမှာ သုံးယောက်တွဲတာ လိုက်ဖက်တယ်လို့ခံစားရပါတယ်။ ဖိုက်တင်တွေပါတဲ့အတွက်ကြောင့် တစ်နေ့ တစ်နေ့ ထိုးပြီးရင် ညနေရောက်တော့ နာလိုက်တာ။ ပြေးရလွှားရတဲ့ အခန်းတွေဆိုရင်လည်း ပြေးလွှားခဲ့ရတယ်။ ထော်လာဂျီစီးတဲ့ အခန်းတွေ မှာဆိုရင်လည်း မှောက်မှာစိုးရိမ်ခဲ့ရတယ်။ အဲဒီတုန်း က ရင်တွေလည်းတုန်ပြီး ဖိုက်တင်တွေပါတဲ့အတွက် ကိုယ်တွေလက်တွေလည်း နာခဲ့ရပါတယ်။ ဒီဇာတ်ကားလေးကတော့ ဣတ္ထိယ ဆိုတဲ့အတိုင်း မိန်းကလေးတွေလည်းများတယ်။ ဟာသလည်းပါမယ်။ ဖိုက်တင်အလွဲလေးတွေလည်း ပါတာဆိုတော့ မပျင်းရပါဘူး။ ပျော်လည်းပျော်ရမယ်။ ရီလည်းရီရပါမယ်။ ပရိတ်သတ်ကြီးကို ဖိတ်ခေါ်ပါတယ်´´ ဟုပြောသည်။
သရုပ်ဆောင် ယွန်းရွှေရည် က ``ဒီကားလေးကတော့ မိန်းကလေးတွေကို ဦးစားပေးထားတဲ့ ကားပါ။ ဒီကားမှာတော့ ညီမက ဖွေးဖွေးတို့ညီအစ်မတွေနဲ့ တစ်ရွာတည်းနေတယ်။ ဒါပေမယ့် သူတို့နဲ့ မတည့်ဘူး။ အမြဲတမ်းရန်ဖြစ်နေကြတယ်။ နောက်ပိုင်းကြတော့ နိုင်ငံခြားသွားတဲ့အချိန်မှာ လူကုန်ကူးခံရတာကို သိလိုက်တော့ သူတို့ညီအစ်မတွေက လာကယ်ပေးတယ်။ အဲဒီမှာပြန်ပြီးသင့်မြတ်သွားတယ် ဆိုတဲ့ပုံစံမျိုးပါ။ အမှတ်တရ အနေနဲ့ကတော့ ပထမဆုံး စရိုက်တဲ့နေ့မှာပဲ ဒါရိုက်တာ ဦးဇော်က ညီမတို့ကို ရွှံ့ဗွက်အိုင်ထဲမှာ နေ့ခင်း နှစ်နာရီကနေ ညနေခြောက်နာရီ ထိုးတဲ့အထိ နဘန်းလုံးပြီး ထိုးကြိတ်နေရတယ်။ အဲဒါတွေက ပျော်စရာကောင်းသလို အမှတ်တရတွေလည်း ဖြစ်ခဲ့ရပါတယ်။ ဒီကားလေးကတော့ မိန်းကလေးတွေက ဦးဆောင်ပြီးလုပ်ရတဲ့ အခါကျတော့ မိန်းကလေးတွေရဲ့ ဇာတ်ရုပ်ပိုင်းက ပိုများပါတယ်။ အားလုံးကတော့ ပေါ့ပေါ့ပါးပါးနဲ့ သရုပ်ဆောင်ထားကြတာဆိုတော့ မတူတဲ့ ဟာသကားတစ်မျိုးပါ။ ဒီကားထဲမှာဆိုရင် ကိုယ့်အိမ်၊ ကိုယ့်ရွာကို ဓါးပြ တွေလာတိုက်တဲ့ အခါမှာ မိန်းကလေးတွေက ဦးဆောင်ပြီးတိုက်ထုတ်ကြတယ်။ အဓိက ကတော့ မိန်းမတစ်ယောက်ဟာ ကိုယ့်အားကိုယ်ကိုးလို့ရတယ်ဆိုတဲ့ ဇာတ်လမ်းမျိုးပါ´´ ဟုပြောသည်။
ဇာတ်လမ်း အကျဉ်းမှာ လုံးကြီးတင်၊ သေးသေးတင်နှင့် ဆံခတ်တို့ ညီအစ်မတို့သုံးဦးရှိကြ၏။ ငယ်စဉ် ကတည်းက မိဘများဆုံးပါးသွားခဲ့၍ ညီအစ်မသုံးဦးအား ဘဝကိုကြမ်းတမ်းခက်ခဲစွာ ရုန်းကန်ဖြတ်သန်းခဲ့ကြရင်း မိန်းကလေးမပီသစွာပင် ကြမ်းတမ်းခက်ထန်နေကြသူများ ဟုဆိုရမည်ပင်။ အစ်မအကြီးဆုံးဖြစ်သူ လုံးကြီးတင်ကပိုက်ဆံကိုဘယ်လိုနည်းနဲ့ ရှာရ မလဲဆိုတာကိုအချိန်ပြည့်စဉ်းစားနေတတ်သူဖြစ်ပြီး အလတ်မ သေးသေးတင်ကတော့ ဟိုစပ်စပ်စုစု ဒီစပ်စပ်စုစုနှင့် တစ်ရွာလုံးရှိသတင်းမှန်သမျှ သူမသိတာဘာမှမရှိလောက်အောင်ပင်ဖြစ်၏။ အငယ်ဆုံးညီမဖြစ်သူ ဆံခတ်ကတော့ စိတ်ဆတ်သူစိတ်မြန်သူ၊ တစ်ခုခုဆိုလျှင် ပါးစပ်ဖြင့်သိပ်မပြော၊ လက်ကအရင်ပါပြီးသားပဲဆိုသည့် အစားထဲကဖြစ်၏။
ထိုညီအစ်မသုံးယောက်အား မကြာခဏထိပ်တုံးခတ်ပြစ်ဒဏ်ပေးရသော ရွာသူကြီးခမျာလည်းကြာလာတော့ ဆုံးမစကားပြောရင်း အမြှုပ်တစီစီထွက်ကျလု မတတ်ပင်ဖြစ်ရလေသည်။ သို့သော် ဆံခတ်တို့ ညီအစ်မတွေကတော့ သူတို့၏အကျင့် စရိုက်ကိုပြောင်းလဲဖို့ အစီအစဉ်လုံးဝမရှိတာ သေချာနေလေသည်။
ဆံခတ်တို့ ညီအစ်မသုံးယောက်နှင့် တစ်စက်ကလေးမှ မျက်နှာကြောမတည့် သည့်အပြင် မကြာခဏရန်ပွဲများတွင် ထိပ်တိုက်တွေ့လေ့ရှိသူကတော့ မိဂျမ်းဖြစ်၏။ တကယ်တော့ မိဂျမ်းဆိုသည်မှာလည်း ဆံခတ်တို့ ညီအစ်မတစ်တွေရပ်ထဲရွာထဲ လူတွင် ကျယ်လုပ်နေသည်ကို မျက်စိစပါးမွှေးစူးရာကအစပြုပြီး ကြည့်မရနိုင်အောင်ဖြစ်ခဲ့ခြင်းပင်။ မိဂျမ်းနှင့်အမြဲလိုလို ထိပ်တိုက်တွေ့နေတာကတော့ ဆံခတ်ဖြစ်၏။
လုံးကြီးတင်မှာရပ်ထဲရွာထဲတွင် အပေါင်ပစ္စည်းလက်ခံပြီး ပိုက်ဆံချေးသည့် အလုပ်လုပ်၏။ သို့သော် အကျိုးအမြတ်နည်းသည်ဟုဆိုကာ အမြတ်များများရမည့် အလုပ်မျိုးပြောင်းလဲလုပ်ကိုင်ချင်နေလေသည်။ ဆံခတ်နှင့်သေးသေးတင်တို့က ဟိုအလုပ်ပြောင်းလုပ်ကြည့်ပါလား၊ ဒီအလုပ်ဆိုရင်ရောစသည်ဖြင့် ပေါက်တတ်ကရ အကြံတွေဝိုင်းပေးကြရင်းက မင်္ဂလာဆောင်ကန်ထရိုက်ယူမည့်အစီအစဉ်ကို အကောင် အထည်ဖော်ရန်ဖြစ်လာလေ၏။ ဖိုးလုံးနှင့်မိချောတို့ ချစ်သူနှစ်ဦးမှာ လက်ထပ်မင်္ဂလာ ဆောင်နှင်းချင်သည်မှာ တစ်ပိုင်းသေနေသော်လည်း လက်ထဲတွင်စုမိဆောင်းမိမရှိသဖြင့် အကြံအိုက်နေစဉ်လုံးကြီးတင်မှ မင်္ဂလာဆောင်စရိတ်သူထုတ်ပေးမည်၊ ရသည့် လက်ဖွဲ့များအား သူ့ကိုပေးရမည်ဟု သဘောကူညီမှုဖြင့် နှစ်ဦးနှစ်ဖက်ညှိနှိုင်း အဆင်ပြေသွားကြလေ၏။ သို့သော်လည်း မင်္ဂလာလက်ဖွဲ့များကို တွက်ချက်စစ်ဆေးကြည့်ရာတွင် လုံးကြီးတင်တစ်ယောက် မှန်းချက်နှင့်နှမ်းထွက်မကိုက်ဆိုသလို ဖြစ်ရတော့၏။ ထုံးစံအတိုင်း ဝုန်းဒိုင်းကြဲညီအစ်မသုံးဖော်တို့ သတို့သားဖိုးလုံးအိမ်သို့ညတွင်းချင်းသွားရောက် သောင်းကျန်းကြလေ၏။ သူကြီးကိုယ်တိုင် လာရောက်တောင်းပန်မှ ဆံခတ်တို့ညီအစ်မ စိတ်လျှော့ကျေအေးပေးပြီး ပြန်သွားကြတော့သည်။
တစ်ရက်တွင်ရွာဦးကျောင်းသို့အေးချမ်းရောက်လာပြီး တစ်ရွာသားဖြစ်ပါကြောင်း၊ ကပ္ပိယအဖြစ် ဝေယျာဝစ္စပြုလုပ်ပေးရင်း ဤရွာလေးတွင်နေထိုင်လိုပါကြောင်း ဆရာတော်ကိုလျှောက်ထားသဖြင့် ဆရာတော်လည်း ခွင့်ပြုလိုက်၏။ ဆောင်ရန် ရှောင်ရန်များကို မိန့်မှာရင်း ဤရွာတွင်ဆံခတ်တို့ ညီအမသုံးဦးနှင့်ဝေးနိုင်သမျှ ဝေးဝေး နေနိုင်လျှင်အကောင်းဆုံးဖြစ်ကြောင်း သတိပေး၏။ အေးချမ်းမှဆရာတော် ဘာဖြစ်လို့ မိန့်မှာသလဲဆိုတာ နားမလည်နိုင်သဖြင့်ပြန်မေးရာ ဆရာတော်မှ အချိန်တန်တော့သိလာ ပါလိမ့်မည်ဟုပြန်မိန့်သဖြင့် အေးချမ်းထပ်မမေးသာတော့ဘဲ နှုတ်ဆိတ်နေလိုက်ရ၏။ သိပ်အကြာကြီးတော့ စောင့်ဆိုင်းစရာမလိုအောင်ပင် နောက်တစ်နေ့ အေးချမ်း တစ်ယောက် ဆွမ်းချိုင့်ဖြင့်ရွာထဲထွက်အလာ၊ ဆံခတ်တို့ညီအစ်မနှင့်မိဂျမ်းတို့အဖွဲ့ ရွာထဲတွင် အကြီးအကျယ်သတ်ပွဲဖြစ်နေတာနဲ့ တိုးသဖြင့် ဝင်ရောက်ဆွဲလွဲရင်း ဆံခတ်၏ လက်ချက်ဖြင့်အေးချမ်းတစ်ယောက် သတိလစ်မေ့မြောသွားသည်အထိ ဖြစ်သွား၏။
ထိုကဲ့သို့ ညီအစ်မ သုံးယောက်၏ ရန်ပွဲများ၊ အလွဲများနှင့်အတူ ဓားပြအဖွဲ့ကို ရင်ဆိုင်ဖြေရှင်းခဲ့ပုံ၊ ရွာပွဲတော် တွင် အလွဲလွဲ အချော်ဖြစ်ခဲ့ပုံ စသည်တို့ဖြင့် ပုံဖော်ထားသော အချစ်၊ ဟာသ၊ အက်ရှင် ဇာတ်ကြမ်း၊ ပညာပေး ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကား ဖြစ်ကြောင်းသိရသည်။
ဇော်ကြီး