မန္တလေး ၂၅ စက်တင်ဘာ
ကနေဒါနိုင်ငံ 100 Schools Project မှ ဆောက်လုပ်လှူဒါန်းသော ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၂၄ ရက် နံနက် ၈ နာရီက အမရပူရမြို့နယ်၊ ဈေးချိုရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဇနီး ဒေါက်တာဒေါ်ယုယုမေ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အလှူရှင် Mr. John နှင့် မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်မြင့်၊ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (စီမံ) ဦးညွန့်မောင်နှင့် ကျောင်းဆောင်အလှူရှင် Mr. John တို့က ဖဲကြိုးဖြတ်၍ ကျောင်းဆောင်သစ်ကို ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းဆောက်လုပ်လှူဒါန်းမှုအတွက် မုဒိတာစကားပြောကြားပြီး အလှူရှင် Mr. John က ကျောင်းဆောင်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို အမရပူရမြို့နယ်ပညာရေးမှူး ဒေါက်တာ သန္တာဆွေထံသို့ လွှဲပြောင်းပေးအပ်ပြီး ကျောင်းအုပ်ကြီးက အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမရပူရမြို့နယ်ရှိ အ.ထ.က(၁)၊ အ.ထ.က(၂)၊ ပ.လ.စ(၂)၊ ဈေးချို (အ.မ.က)ကျောင်းနှင့် အိုးတော် မူလွန်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် အဟာရမုန့်များ၊ ကျောင်းဝတ်စုံများအား သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံသို့ ပေးအပ်လှူဒါန်းသည်။
အလှူရှင် Mr. John က "ကျွန်တော်က ကနေဒါနိုင်ငံသားပါ။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ပါတယ်၊ မြန်မာနိုင်ငံကို ၁၉၉၆ ခုနှစ်ကစပြီး နှစ်စဉ် လာရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။ ကျောင်းဆောင်တွေကိုတော့ 100 Schools Project အစီအစဉ်နဲ့ ၂၀ဝ၅ ခုနှစ်ကစပြီး တာဝန်ယူဆောက်လုပ်လှူဒါန်းခဲ့ပါတယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ စာသင်ကျောင်းတွေ၊ ရေလောင်းအိမ်သာတွေ၊ စာသင်ခုံတွေ၊ ဆရာ/ဆရာမတွေနေထိုင်တဲ့ ဝန်ထမ်းအဆောင်တွေ၊ ရေတွင်းရေကန်တွေ၊ ကျန်းမာရေးဆေးပေးခန်းတွေ၊ ကွန်ပျူတာတွေနဲ့ စာကြည်တိုက်တွေကို လှူဒါန်းခဲ့ပါတယ်"
"အခုက ဈေးချိုရပ်ကွက်အတွင်းမှာရှိတဲ့ အခြေခံပညာမူလတန်းကျောင်းက ယိုယွင်းပျက်စီးနေတဲ့ ကျောင်းဆောင်ဟောင်းကို ဖျက်သိမ်းပြီး အာရ်စီတစ်ထပ်ကျောင်း ဆောင်သစ်တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းဖို့ ပညာရေးဝန်ကြီးဌာန တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ထံမှာ ကမ်းလှမ်းခဲ့ပါတယ်။ ခွင့်ပြုချက်ရရှိပြီးနောက်မှာ ကျွန်တော်တို့ 100 Schools Project က စာသင်ကျောင်းဆောင်နဲ့ ဆရာ၊ ဆရာမသုံး ရေလောင်းအိမ်သာ နှစ်လုံးကို ဆောက်လုပ်လှူဒါန်းခဲ့တာပါ"ဟု ပြောပြသည်။
တင်မောင်(မန်းကိုယ်ပွား)