ဘားအံ ၂၅ စက်တင်ဘာ
ကရင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ဩဂုတ်လက ရေကြီးရေလျှံမှုများကြောင့် အခြေခံပညာကျောင်းပေါင်း ၄၇၀ ကျော်ကို ပိတ်ထားခဲ့ရာမှ ယခုအခါ ကျောင်းအားလုံးကို ပုံမှန်ပြန်လည်ဖွင့်လှစ် သင်ကြားပေးနေပြီဖြစ်ကြောင်း ကရင်ပြည်နယ် ပညာရေးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးစိုးမြင့်က ပြောကြားသည်။
“ပြည်နယ်တစ်ခုလုံးမှာရှိတဲ့ မြို့နယ်အားလုံးရဲ့ အခြေခံပညာကျောင်းတွေမှာ မိုးရွာသွန်းပြီး တောင်ကျရေနဲ့ သံလွင်မြစ် ရေမြင့်တက်မှုကြောင့် ကျောင်းအတွင်း ရေဝင်ရောက်လို့ နှစ်လနီးပါးကြာ ရေနစ်မြုပ်ခဲ့တဲ့ကျောင်းတွေကို အားလုံး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားပေး နေပါပြီ၊ တချို့ကလေးတွေကတော့ စာသင်ကြားဖို့အတွက် အနည်းငယ် အခက်ခဲရှိတယ်၊ ရေဘေးကယ်ဆယ်ရေးစခန်းမှာ နေနေရသေးတဲ့အတွက် စာလာရောက် မသင်ကြားနိုင်သေးတာတွေလည်း ရှိနေသေးတယ်”ဟု ၎င်းက ပြောသည်။
ကရင်ပြည်နယ်တွင် ဇူလိုင် ၂၇ ရက်မှစ၍ ရေကြီးရေလျှံမှုများကြောင့် ဘားအံမြို့နယ်တွင် ၂၄၈ ကျောင်း၊ လှိုင်းဘွဲ မြို့နယ်တွင် ၈၃ ကျောင်း ၊ ဖာပွန်မြို့နယ် တွင် ၅၄ ကျောင်း၊ ကော့ကရိတ်မြို့နယ် တွင် ၅၇ ကျောင်း၊ ကြာအင်းဆိပ်ကြီး မြို့နယ်တွင် ၃၂ ကျောင်း ၊ မြဝတီမြို့နယ် တွင် သုံးကျောင်း စုစုပေါင်းမြို့နယ်ခြောက်ခုတွင် ကျောင်းပေါင်း ၄၇၇ ကျောင်းကို ပိတ်ထားခဲ့ရကာ အချို့ကျောင်းများမှာ ဩဂုတ်လတစ်လလုံးနှင့် စက်တင်ဘာလ တတိယပတ်အထိ ပိတ်ခဲ့ရပြီးနောက် စက်တင်ဘာလ တတိယပတ်တွင်မူ ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်၍ စာသင်ကြားပေးနေပြီ ဖြစ်ကြောင်း ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးရုံးမှ သိရသည်။
ပိတ်ထားခဲ့သောကျောင်းများကို ပြန်လည်ဖွင့်လှစ် စာသင်ကြားပေးရာတွင် တစ်ချိန်တည်း ဖွင့်လှစ်ခြင်းမဟုတ်ဘဲ ရေအရင်ကျသွားသောနေရာများမှ ကျောင်းများကို ရေကျသည်နှင့် တစ်ခုချင်း ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ရေကြီးသဖြင့် ပိတ်ခဲ့ရသောရက်များတွင် စာသင်ကြားချိန် ပျက်ခဲ့မှုများအတွက် တရားဝင်ကျောင်းပိတ်ရက် နှစ်ရက်တွင် စာသင်ကြားချိန် တစ်ရက်ထပ်ယူ၍ ကုစားအချိန်ပိုအနေဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းဖွင့်ရက်များတွင်လည်း ဖွံ့ဖြိုးရေး အချိန်ကို စာသင်ချိန်အဖြစ်ယူပြီး ကျောင်းသား ကျောင်းသူများအား သင်ကြားပေးလျက်ရှိကြောင်း ညွှန်ကြားရေးမှူးက ပြောသည်။
ဘားအံမြို့ အမှတ်(၆)အခြေခံပညာ အလယ်တန်းကျောင်း အဋ္ဌမတန်းတွင် ပညာသင်ကြားနေသူ မခင်မိုးမိုးအေးက “သမီးတို့ပြည်နယ် မိုးလုံလေလုံ အားကစားခန်းမ ရေဘေးကယ်ဆယ်ရေးစခန်းကို စရောက်တဲ့အချိန်ကစပြီး ကျောင်းမတက်ရတာ ၁၀ ရက်ကျော်တယ်၊ ကျောင်းပြန်ဖွင့်လို့ စာသင်ကြားပေးတဲ့အချိန်မှာ ဆရာ ဆရာမတွေက ဥပုသ်နေ့နဲ့ ကျောင်းပိတ်ရက်တစ်ရက်ကို ယူပြီးတော့ အချိန်ပြည့်ပြန်ပြီး သင်ကြားပေးနေတယ်၊ ဆရာမတွေကလည်း ဂရုစိုက်ပြီးတော့ သင်ခန်းစာကိုမကျော်ဘဲ သင်ကြားပေးတဲ့အတွက် စာမလိုက်နိုင်တာမရှိဘူး၊ စာမေးပွဲအတွက်လည်း ထိခိုက်လာမှာ မရှိပါဘူး”ဟု ပြောသည်။
ရေကြီးရေလျှံမှုဖြစ်ချိန်က ရေနစ်မြုပ်ခဲ့ရသော ကျောင်းများအနက် ၅၅ ကျောင်းတွင် ကျောင်းသုံးပရိဘောဂ ပစ္စည်းများ၊ သင်ကြားရေးအထောက် အကူပစ္စည်းများနှင့် ကျောင်းခြံစည်းရိုး ပျက်စီးမှုများရှိခဲ့ရာ အဆိုပါ ပျက်စီး သည့် ကျောင်းများအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ ဖြိုး တိုးတက်ရေးဦးစီးဌာနက အလှူငွေကျပ် ၂၉၆ သိန်း လှူဒါန်းထားသလို ပညာရေးဝန်ကြီးဌာနကလည်း ပြင်ဆင်ထိန်းသိမ်းမှု အသုံးစရိတ်များ ချပေးပြီး ယင်းငွေများကို ကျောင်းများသို့ ပြန်လည်ချထားပေးပြီးဖြစ်ကြောင်းလည်း သိရသည်။
မင်းရာဇာ(မြစ်ကြီးနား)