မြိတ် ၁၇ ဇန်နဝါရီ

မြိတ်တက္ကသိုလ် တည်ထောင်ဖွင့်လှစ်ခဲ့သည့် ၁၉၉၉ ခုနှစ် ဇန်န်ဝါရီလမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ နှစ်(၂၀) ပြည့် ကြွေရတုအထိမ်းအမှတ် အထူးပြုဘာသာရပ်ပေါင်းစုံ ဈေးရောင်းပွဲတော်နှင့် မြိတ်တက္ကသိုလ် ထူးချွန်ကျောင်းသား ကျောင်းသူများ၏ အတွေ့အကြုံ မျှဝေဆွေးနွေးပွဲကို ဇန်နဝါရီ ၁၆ ရက်က တက္ကသိုလ်ပင်မ အဆောင်အရှေ့ ကွင်းပြင်တွင် ကျင်းပသည်။

 

mdn

 

ရှေးဦးစွာ နံနက် ၉ နာရီတွင် မြိတ်မြို့တိုင်းရင်းဆေးရုံအုပ်ကြီး ဦးကျော်စိုးဝင်း၊ မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီနီဦးနှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းတို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ကြကာ မြိတ်တက္ကသိုလ် ပင်မအဆောင်အရှေ့တွင် အထူးပြုဘာသာရပ်ပေါင်းစုံ၏ မုန့်အရောင်းဆိုင်များ၊ ဈေးအရောင်း ဆိုင်ခန်းများ၊ ကံစမ်းမဲနှင့် တက္ကသိုလ်အမှတ်တရ ပန်းချီရေးခန်းများကို တက္ကသိုလ်ပါမောက္ခချုပ်နှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများက လှည့်လည်ကြည့်ရှုကြသည်။

 

mdn

 

ထို့နောက် တက္ကသိုလ်ကျောင်းသားကျောင်းသူများ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ရေး၊ ထူးချွန်တက္ကသိုလ် မောင်မယ်များ၏ အတွေ့အကြုံဆွေးနွေးပွဲကို နေ့လယ် ၁ နာရီတွင် အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ မြိတ်တက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာနီနီဦး၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးတို့က ဦးဆောင်ကာ တက္ကသိုလ်ကျောင်းသားဘဝ အတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။

 

mdn

 

ယင်းနောက် မြန်မာဘာသာစကား အပြောစွမ်းရည် ဦးစီးအဆင့်ထူးချွန်သူ၊ ထိုင်းနိုင်ငံယဉ်ကျေးမှု ဖလှယ်ပွဲ အတွေ့အကြုံ၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ကဗျာပြိုင်ပွဲ၊ နိုင်ငံတော်အဆင့် အတွေ့အကြုံ၊ အာဆီယံတက္ကသိုလ်များ အားကာစားပြိုင်ပွဲ အတွေ့အကြုံ၊ ဂျပန်နိုင်ငံ Tokyo Metropolitan University တွင် သုတေသန ပြုလုပ်မှု အတွေ့အကြုံများကို မြိတ်တက္ကသိုလ်မှ တက္ကသိုလ်မောင်မယ်များမှ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)