ရန်ကုန် ၁၂ သြဂုတ်
D´PER MOE FILM PRODUCTION မှ ထုတ်လုပ်သည့် `` လူကြမ်းတစ်ယောက်ရဲ့ဒိုင်ယာရီ´´ ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲ အခမ်းအနားကို သြဂုတ် ၁၁ ရက် နံနက် ၇ နာရီခွဲက ရန်ကုန်မြို့၊ သမ္မတ အဆင့်မြင့် ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး သြဂုတ် ၁၇ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဇာတ်ကားကို ဒါရိုက်တာသားညီက ရိုက်ကူးထားခြင်းဖြစ်ပြီး ကိုးကွယ်ရာ ဘာသာတရားများ မတူညီသော်လည်း စစ်မှန်သည့် ချစ်ခြင်းမေတ္တာကို အခြေခံထား ရှိမှုကြောင့် အခက်အခဲ အတားအဆီးများကို ဖြတ်ကျော်ကာ လူငယ် ချစ်သူနှစ်ဦး ပေါင်းဖက်ကြရပုံကို ပညာပေးအနေဖြင့် ရိုက်ကူးထားခြင်းဖြစ်သည်။
ယင်း ရုပ်ရှင်ဇာတ်ကားတွင် လူမင်း၊ ယုန်လေး၊ ထားထက်ထက်၊ ထူးခြား၊ ဂျိုကာ၊ ဘေဘီမောင်နှင့် အခြားသော အနုပညာရှင်များပါဝင်ပြီး ဘာသာတရား၏ အနှစ်ချုပ်ဖြစ်သော ငြိမ်းချမ်းမှုနှင့် ချစ်ခြင်းမေတ္တာတရား သည်သာ အဓိက အရေးကြီး ကြောင်းတို့ကို ပေါ်လွင်အောင် ပုံဖော်ရိုက်ကူးထားသည့် လူငယ်အချစ် ဇာတ်လမ်း ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်သည်။
ဒါရိုက်တာ သားညီက`` ဘာသာရေး အစွန်းရောက်တဲ့ ခရစ်ယာန် ဖခင်ကြီး တစ်ဦးရဲ့ သမီးကို သွားချစ်မိတဲ့ ဗုဒ္ဓဘာသာ ကောင်လေးတစ်ယောက်ရဲ့ အကြောင်းပါ။ လွန်ခဲ့တဲ့ လေးနှစ်လောက်က ရိုက်ထားတဲ့ ကားဆိုပေမယ့် ဒီကားလေးကို ပြန်ကြည့်တဲ့အခါမှာ ၈၀ ရာခိုင်နှုန်း ကျေနပ်မှုရှိပါတယ်။ ဇာတ်လမ်း သဘောအရ ဆိုရင်တော့ အခု အချိန်ထိ ခေတ်မီနေတုန်းပါ။ ရိုက်ချက်တွေ၊ တင်ဆက်ပုံတွေကတော့ ခေတ်မမီ တော့ သလိုခံစားရတယ်။ အခုအချိန်မှာတော့ ဒီထက်ပိုပြီးတော့ ရိုက်ပြလိုက်ရမှာလို့ ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်တယ်။ ဒါကတော့ ဇာတ်ကားတိုင်းလိုလိုပါပဲ။ အဲဒီအချိန်တုန်း ကတော့ ကိုယ်တက်သလောက် ရိုက်ခဲ့တာပါ။ အခက်အခဲတွေကတော့ အများကြီးကြုံခဲ့ရပါတယ်။ ဒီဇာတ်ကားကို ရုံပေါ်တောင် ရောက်မလာတော့ဘူးလို့ ထင်ထားတာ။ ရိုက်တဲ့အချိန်မှာလည်း တစ်ဦးနဲ့ တစ်ဦး စိတ်သဘောထား မတူတာတွေ ကြုံခဲ့ရတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ အဆင်ပြေသွားပြီး သေချာလုပ်ခဲ့ တာကြောင့် အခုဆိုရင်ရုံပေါ်ကိုရောက်ခဲ့ပါပြီ။ အမှတ်တရတွေလည်း အများကြီးရှိ ခဲ့ပါတယ်။ အကြောင်းအရာကတော့ ငြိမ်းချမ်းရေးပါ။ ဘယ်ဘာသာ ပဲကိုးကွယ်ပါစေ အဓိကကတော့ မေတ္တာတရားဟာ အရေးအကြီဆုံးပဲဆိုတာကို ပြောချင်တာပါ။ ဘာသာ တရားကို အခြေခံပြီး ရိုက်ထားတဲ့အတွက် ဘာသာရေးနဲ့ပတ်သက်တဲ့ လူကြီး၊ လူငယ် အကုန်လုံးကို ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ကို ဝေဖန်ပေးပါ။ မှားနေတာ တွေ့ရင် ထောက်ပြပါ။ ပရိတ်သတ်တွေရဲ့ ဝေဖန်အကြံပေးမှုတွေနဲ့ ကျွန်တော်တို့ ပြုပြင်ပြောင်း လဲရမှာပါ´´ ဟုပြောသည်။
သရုပ်ဆောင် လူမင်းက`` ဒီကားမှာ သမီးကို အလွန်ချစ်တဲ့ ဘာသာရေး နည်းနည်း အစွန်းရောက်တဲ့ ခပ်ကြမ်းကြမ်း အဖေတစ်ယောက်နေရာက သရုပ်ဆောင်ထားတာပါ။ အဓိကကတော့ လူငယ်အချစ် ဇာတ်လမ်းလေးပါ။ ဒါပေမယ့် အဲဒီထဲမှ ဖခင်တစ်ဦးရဲ့ မေတ္တာတွေ၊ ဘာသာရေးဆိုင်ရာ ယုံကြည်မှု လွန်ကဲတဲ့အခါ လူငယ် တွေရဲ့ အချစ်ကြားမှာ အနှောက်အယှက် အဟန့်အတားဖြစ်တဲ့ အကြောင်းအရာတွေ၊ ဘယ်ဘာသာတရားမဆို အချစ်၊ မေတ္တာနဲ့ ငြိမ်းချမ်းရေးက အဓိကကျတယ် ဆိုတာမျိုး တွေကို လူငယ်တွေရဲ့အမြင် နဲ့တင်ဆက်ထားတာပါ။ ဒီခေတ်လူငယ် တွေရဲ့ ချစ်သူ ဘဝကို တိုက်ရိုက်ထင်ဟပ်စေတဲ့ ကားလေးပါ။ လူငယ်တွေရဲ့ ချစ်ခြင်းမှာ တကယ့် စစ်မှန်တဲ့ ချစ်ခြင်း တရား မှန်ကန်ရင် နောက်ဆုံးမှာ ပေါင်းဖက်ရတယ်ဆိုတာမျိုးလေးပါ။ ဒီကားလေးမှာ ပါဝင်သူ အားလုံးရဲ့ ပထမဆုံးရုပ်ရှင် ဆိုတာမျိုးတွေ များတယ်။ ဥပမာ-ဒါရိုက်တာ ၊ ယုန်လေးနဲ့ ထားထက်ထက် တို့နဲ့အတူ ကျန်တဲ့ ဇာတ်ပို့ တွေရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် လူငယ်တွေပီပီ တက်ကြွတဲ့ စိတ်တွေနဲ့လုပ်ပေမယ့် အခက်အခဲလေးတွေ ၊ ပြဿနာလေး တွေတော့ရှိခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အခုလို ရုံတင်တဲ့အဆင့် အထိရောက်အောင် လူငယ်တွေအများကြီး ကြိုးစားခဲ့တဲ့ ရုင်ရှင်ကားတစ်ကားပါ´´ ဟုပြောသည်။
သရုပ်ဆောင် ယုန်လေး က`` လွန်ခဲ့တဲ့ လေးနှစ်က ရိုက်ထားတာဆိုတော့ လက်ရှိကာလနဲ့ နည်းနည်းကွာခြားသွားမှာ စိတ်ပူခဲ့တယ်။ ဒါပေမယ့် ကြည်လိုက်တော့ အဆင်ပြေတယ်။ ခေတ်နဲ့ညီနေ ပါသေးတယ်။ ဒီကားလေးကတော့ ဘာသာရေးအစွန်း ရောက်တာမျိုး မရှိသင့်ဘူးဆို တာမျိုး ရိုက်ပြထားတာပါ။ အဲဒီအတွက် လူတွေ အစွန်းရောက်တာမျိုးတွေ လျော့စေချင်ပါတယ်။ ကျွန်တော်တို့အားလုံး တက်သလောက်ကြိုး စားထားပါတယ်။ ကျွန်တော်တို့အားလုံးရဲ့ ပထမဆုံးရုပ်ရှင်ကားပါ။ ပုံမှန်မြင်နေကြ ရိုက်ကွင်းနေရာမျိုးတွေမဟုတ်ဘဲ မရိုက်ဖူးတဲ့ နေရာတွေမှာ ရိုက်ခွင့်ရအောင် ကြိုးစား ပြီးရိုက်ခဲ့တာပါ´´ ဟုပြောသည်။
သရုပ်ဆောင် ထားထက်ထက်က ``ဒီဇာတ်ကားလေးထဲမှာတော့ ရိုးရိုးအေးအေး မိန်းကလေးတစ်ယောက် နေရာကနေပြီး သရုပ်ဆောင်ထားပါတယ်။ ပထမဆုံး စရိုက်တဲ့ ကားဆိုတော့ အခက်အခဲတွေကတော့ အများကြီးရှိတယ်။ စိန်ခေါ်မှုတွေ အများကြီးရှိ ခဲ့ပါတယ်။ MISS ဖြစ်ပြီး တော့တစ်နှစ်ပြည့်တဲ့ အချိန်မှာဒီဇာတ်ကားရိုက်ဖို့ ကမ်းလှမ်း ခံရပြီး ရိုက်ကူးခွင့်ရခဲ့တာပါ။ အခွင့်အရေးရတဲ့ အချိန်မှာရအောင် ဆုပ်ကိုင်ပြီးတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားထားတာဖြစ်တဲ့ အတွက် အကောင်းဆုံးဖြစ်လာ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရုံတင်တဲ့အခါမှာ ပရိတ်သတ်တွေအနေနဲ့ အားပေးဖို့ မျှော်လင့်ပါတယ်´´ ဟုပြောသည်။
သရုပ်ဆောင် ဘေဘီမောင် က ``ဒီကားလေးထဲမှာ ခပ်ဟော့ဟော့ မိန်းကလေး ပုံစံမျိုးလေး သရုပ်ဆာင်ထားပါတယ်။ ပြင်းပြင်းထန်ထန်ကြီးတော့ မရှိပါဘူး။ ယုန်လေးဟာ ကိုယ့်အစ်ကိုလို ဖြစ်နေတာကြောင့်လာပြီး ပါဝင်ကူညီပေးတဲ့သဘောပါ။ အခန်းကတော့ နည်းပါတယ်။ ဒါပေမယ့် ကိုယ်ပါဝင်ခွင့်ရတဲ့ အချိန်မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီးတော့ သရုပ်ဆောင်ထားပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်တုန်း ရိုက်ထားတာဆိုတော့ ကိုယ်ကလည်း ငယ်သေးတယ်။
ရိုက်ထားတာကလည်း ခပ်ဟော့ ဟော့ဆိုတော့ ဇာတ်ကောင်စရိုက်နဲ့ လိုက်ဖက်တယ်လို့ခံစားရတယ်။ အခက်အခဲရှိ တာတွေကိုလည်း ဒါရိုက်တာ ကိုသားညီက သင်ပြပေးတော့ အကုန်လုံး အဆင် ပြေပါတယ်။ ဘာသာချင်းမတူပေမယ့် ချစ်ခြင်းမေတ္တာကို အဓိကထားပြီးတော့ ပေါင်းစပ် မယ်ဆိုရင် အရာအားလုံးဟာ အဆင်ပြေပါတယ် ဆိုတဲ့ကားလေးပါ ´´ ဟုပြောသည်။
ဇာတ်လမ်း အကျဉ်းအနေဖြင့် စည်သူတင်လတ်သည် ထူးချွန်သော ကွန်ပျူတာ ဟက်ကာတစ်ယောက်ဖြစ်၏။ တစ်နေ့တွင် သူ့မိတ်ဆွေ ပြည့်စုံဆိုသူက Black Ghost ဂိုဏ်းမှ ဝေဠုကိုခေါ်လာပြီး စည်သူထံတွင် အလုပ်အပ်သည်။ အလုပ်က သတင်း မီဒီယာတစ်ခု၏ Website ထဲထိုးဖောက် ဝင်ရောက်ပြီး Attack လုပ်ပေးရန်ဖြစ်သည်။ ထိုသတင်းမီဒီယာက သူတို့ဂိုဏ်းအကြောင်း သတင်းမှားများ ရေးသားနေသောကြောင့် ဖြစ်၏။ စည်သူကအလုပ်ကို လက်ခံလိုက်ပြီး ၁၅ မိနစ်အတွင်း အပြီးလုပ်ပြလိုက်သည်။
Black Ghost ဂိုဏ်း၏ခေါင်းဆောင် Freddie အောင်ထိပ်တွင် လှပနူးညံ့အေး ဆေးသော သမီးချောလေး တစ်ယောက်ရှိသည်။ ထိပ်ထားမေရီဟုခေါ်၏။ ထိပ်ထားမေရီသည် ရိုင်းစိုင်းကြမ်းကြုတ်မှုများကိုမကြိုက်၊ သူ့ဖခင်၏ လုပ်ပုံများကိုလည်းမကြိုက်၊ သို့သော် ဖခင်ဖြစ်သူက သူ့ကိုလွန်စွာ ချစ်မှန်းသိသောကြောင့် ဘာမှမပြောသာ၊ ရန်ပွဲတစ်ခုတွင် ထိပ်ထားမေရီ၏ ဓာတ်ပုံကို စည်သူတင်လတ်က ကောက်ရပြီး စုံစမ်းရာ ထိပ်ထားမေရီသည် Black Ghost ဂိုဏ်းခေါင်း ဆောင်ဦးအောင်ထိပ်၏ သမီးမှန်း သိလိုက်ရ၏။
သူသွားလေ့သွားထရှိသော နေရာသို့ နောက်ယောင်ခံလိုက်ရာ Church တွင် ထိပ်ထား မေရီကိုတွေ့ပြီး ထိပ်ထား၏ အချစ်ကိုရရှိရန် ကြိုးစား ပမ်းစားလုပ်ရ တော့မည်ကို လူကြမ်းတစ်ဦးဖြစ်သည့် စည်သူတင်လတ်က သဘော ပေါက်သွားသည်။
ထို့နောက် ကိုးကွယ်ရာဘာသာမတူညီသည့် ထိပ်ထား၏ အချစ်ကိုရရှိရန် ကြိုးစားခဲ့ပုံ၊ ဘာသာရေး အစွန်းရောက် တစ်ဦးဖြစ်သည့် ထိပ်ထား၏ ဖခင်နှင့် ရင်ဆိုင် ဖြေရှင်းခဲ့ပုံ၊ ချစ်သူနှစ်ဦး၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကြောင့် အခက်အခဲများကို ကျော်ဖြတ်ကာ ပေါင်းဖက်ရပုံတို့ကို ပုံဖော်ရိုက်ကူးထားသည့် လူငယ်အချစ်ဇာတ်လမ်း ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်ကြောင်း သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်