မန္တလေး  ၁၃  သြဂုတ် 

 

မန္တလေးတက္ကသိုလ်၌ သြဂုတ် (၁၁) ရက်မှ စတင်ကျင်းပလျက်ရှိသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကြီး သို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ကောလိပ်များ၊ အခြေခံပညာ ကျောင်းများ၊ ကိုယ်ပိုင် ကျောင်းများမှ ကျောင်းသားကျောင်းသူများအပြင် လူငယ်အဖွဲ့အစည်း အသီးသီးမှလည်း အနာဂတ်မျှော်လင့်ချက်များဖြင့် စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှုလျက်ရှိရာ ပွဲတော်နောက်ဆုံးရက်ဖြစ်သော သြဂုတ်လ(၁၃)ရက်နေ့တွင် နေ့ရောညပါ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

 

“ကျွန်မတို့မန္တလေးတက္ကသိုလ်မှာ နိုင်ငံတော်အဆင့်အခုလိုပွဲတော်ကြီးကို စည်စည်ကားကားနဲ့တွေ့ရတဲ့ အတွက် အားရကျေနပ်မှုရှိပါတယ်။ အချို့နေရာတွေမှာလစ်ဟာမှုတွေရှိပေမယ့် နောင်ပွဲတော်တွေမှာ အခုပွဲရဲ့အတွေ့အကြုံယူပြီး ပြင်ဆင်သွားပါ့မယ်။ လာရောက်လေ့လာသူများပြားတဲ့အတွက် ပွဲတော် အချိန်ကို ညပိုင်း(၈)နာရီအထိ တိုးမြင့်ပေးခဲ့တယ်။ တစ်နေ့ကို လူအင်အား(၁၀၀၀၀) ကျော်လာရောက် လေ့လာကြည့်ရှုခဲ့ကြတယ်။”ဟု မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသီတာဝင်းက ပြောကြားခဲ့သည်။

 

ထို့အပြင် မန္တလေးတတက္ကသိုလ်၊ အင်္ဂလိပ်စာဒုတိယနှစ်ကျောင်းသူ မလင်းနန္ဒာကျော်ကလည်း “ဒီပွဲတော်မှာ ကျွန်မတို့အင်္ဂလိပ်စာဌာနက မဟာအရည်အချင်းစစ်သင်တန်းကျောင်းသား ကျောင်းသူ တွေအနေနဲ့ တတိယနှစ်ဂုဏ်ထထူးတန်းကျောင်းသားကျောင်းသူတွေစုပေါင်းပြီး ပွဲတော်နဲ့သက်ဆိုင် တဲ့ သတင်း၊ဆောင်းပါး၊ကာတွန်းတွေကို အင်္ဂလိပ်ဘာသာနဲ့ ပွဲတော်ကာလအတွင်း ထုတ်ဝေဖြန့်ချိခဲ့တယ်။ ဒီပြခန်းအသီးသီးကို တက္ကသိုလ်၊ကောလိပ်တွေသာမက အခြေခံပညာကျောင်းများနဲ့ကိုယ်ပိုင် ကျောင်းများကပါလာရောက်လေ့လာတဲ့အတွက် အားရကျေနပ်မိပါတယ်။ သူတို့အနာဂတ်အတွက် ရွေးချယ်စရာတွေကို ဒီပွဲတော်ကနေ သိသွားကြမှာပါ။ ပထမကတော့အနုပညာပြခန်းတွေကိုအများဆုံး သွားရောက်လေ့လာခဲ့ပါတယ်။ လူငယ်တွေအနာဂတ်အတွက် အခုလိုပွဲတွေ မကြာခဏကျင်းပပေး သင့်ပါတယ်။”ဟု ပြောကြားခဲ့သည်။

 

“ဒီပွဲတော်ကိုကျောင်းက သွားရောက်လေ့လာဖို့ပြောသလို ကျွန်တော်ကိုယ်တိုင်ကလည်း ဗဟုသုတ ရချင်လို့လာတာပါ။ ကျွန်တော်တို့ကနောက်နှစ်ဆိုရင် တက္ကသိုလ်ကို တက်ရောက်ရတော့မှာ ဆိုတော့ ကိုယ်ဝါသနာပါတဲ့ တက္ကသိုလ်နဲ့ဘာသာရပ်ကို ရွေးချယ်ရအောင် လေ့လာခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေ လေ့လာခဲ့ရတဲ့အထဲမှာ အနုပညာပြခန်း၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွေနဲ့ စက်ရုပ်နဲ့ လိုသလိုခိုင်းစေနိုင်တဲ့ တီထွင်မှုတွေကို စိတ်ဝင်စားပါတယ်။ ဒီပွဲတော်ကို လာရောက်လေ့လာတဲ့အတွက် အမြင်ကျယ်ပြီး တီထွင်နိုင်စွမ်းနဲ့အတွေးအခေါ်တွေကောင်းလာမယ်လို့ မျှော်လင့်မိပါတယ်။”ဟု ပင်မကိုယ်ပိုင်အထက်တန်းကျောင်းမှ ဒသမတန်းကျောင်းသား မောင်မင်းခန့်ဖြိုးက ပြောကြားခဲ့သည်။

 

အဆိုပါ ပွဲတော်သည် လူငယ်များအတွက် ဘက်စုံဖွံ့ဖြိုရေး ပွဲတော်ဖြစ်သည်နှင့်အညီ တက္ကသိုလ်ကောလိပ်နှင့် အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းများ၏ ဘာသာရပ်ဆိုင်ရာပြခန်းများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးမှလည်း အသိပညာပေးပြခန်းများ၊ စာပေဆိုင်ရာလှုပ်ရှားမှုများ၊ အနုပညာဆိုင်ရာ လှုပ်ရှားမှုများ၊ အားကစားဆိုင်ရာ လှုပ်ရှားမှုများနှင့်အတူ စာအုပ်အရောင်းဆိုင်များနှင့် ဖျော်ဖြေရေးဆိုင်ရာ အစီအစဉ်များ ထည့်သွင်းထားသည့်အတွက် ဘက်စုံပြည့်စုံကောင်းမွန်သည့် ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်၊ တင်မောင်(မန်းကိုယ်ပွား)