mdn

၁၅ သြဂုတ်

 

ယနေ့ခေတ်တွင် သရုပ်ဆောင်အလုပ်ကို အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုအဖြစ် လုပ်ကိုင်သူ များပြားလာခဲ့ပြီး ဇာတ်ကားရိုက်ကူးမှုများလျှင် များသလောက် အနုပညာကြေးရမည်ဖြစ်သောကြောင့် ရုပ်ရှင်ဈေးကွက်တွင် ရသလောက်နှင့် ရိုက်ကူးခြင်းများ ရှိနေကြောင်းနှင့် ယခင်ကပင် အနုပညာနှင့် ဝါသနာကိုအခြေခံပြီး လုပ်ကိုင်ခဲ့သူများအနေဖြင့် ဈေးကွက်အရ အဆင်မပြေမှုများ တွေ့ ကြုံလာရ ကြောင်း သိရသည်။

 

ယခုကဲ့သို့ ဈေးကွက်ပျက်နေသည့်ကိစ္စနှင့် ပတ်သက်၍ ဇာတ်ပို့တစ်ဦးအဖြစ် ၃၅ နှစ်တိုင်တိုင် ရပ်တည်လုပ်ကိုင်ခဲ့သူ စိုးမိုးကြည်က “အစ်မတို့အနေနဲ့တော့ ကိုယ်ကြိုက်တဲ့ဇာတ်ဆို မငြင်းပါဘူး၊ ကိုယ့်အတွက် လုပ်ကွက်များမယ်၊ ကျန်တယ်ဆို လုပ်ပါတယ်၊ လုပ်ကွက်နည်းတဲ့အခါမှာတော့ အစ်မတို့ကို လာငှားတဲ့သူတွေ၊ ပရိုဂျူဆာတွေက ဈေးကွက်အရ နည်းနည်း လက်တွန့်တာမျိုးလေးတွေ၊ မတတ်နိုင်တာမျိုးတွေတော့ ရှိတယ်၊ ဒါပေမယ့် အစ်မတို့က ဒါပဲလုပ်တတ်တော့ သူတို့နဲ့ သေချာတိုင်ပင်ရတာပေါ့၊ အချို့က ဒီလူတော့ လိုချင်တယ်၊ ဒါပေမယ့် ငွေကျတော့ မသုံးချင်ကြဘူး၊ သူတို့ဘက်ကကြည့်ရင်လည်း မှန်ပါတယ်၊ အဲ့တော့ ဒီလူထက်ဈေး သက်သာသူကို သူတို့ရှာကြတယ်၊ အမှန်အတိုင်းပြောရရင် ၁၀ သိန်းလောက်ရတဲ့သူကို ငါးသိန်းလောက်ဖမ်းဆစ်တော့ စိတ်ညစ်ရတယ်၊ အစ်မကတော့ သူ့ဘက်ကိုယ့်ဘက် အဆင်ပြေအောင်တော့ ကြည့်လုပ်နေရတာပါပဲ”ဟု ဆိုသည်။

 

သရုပ်ဆောင် စိုးမိုးကြည်အနေဖြင့် အနုပညာလောကတွင် နာမည်တစ်ခု ဖြစ်တည်နိုင်ရန်အတွက် ကြိုးစားရုန်းကန်မှုများစွာရှိခဲ့ပြီး အနုပညာလောကထဲသို့ စနိုးဝှိုက်ထုတ်လုပ်ရေးမှ ရိုက်ကူးသည့် တသသလွမ်း၊ တစ်အူထုံ့ဆင်း၊ မိုးထက်မြင့်သော စသည့် ဇာတ်ကားများဖြင့် ပရိသတ် လက်ခံအားပေးမှုရရှိခဲ့သည်။ နောက်ပိုင်းရိုက်ကူးရသည့် ဇာတ်လမ်းများတွင်လည်း ရသလောက်ကို ပရိသတ်ရင်ထဲရောက်အောင် လုပ်ဆောင်မည်ဟု သိရသည်။

 

“အခုဆို အစ်မက ကာဗွန်ဒိုင်အောက်ဆိုဒ်ဇာတ်ကားမှာလည်း အမေတစ် ယောက်နေရာကနေ ပါဝင်ထားတယ်၊ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်ရိုက်တဲ့ ကြီးမြတ်သောမာတာ ဇာတ်လမ်းတွဲလည်း ရိုက်နေပါတယ်၊ အဲဒီမှာတော့ အစ်မက မို့မို့မြင့်အောင်ရဲ့သမီးလေးကို ကောက်ယူမွေးစားတဲ့သူတစ်ယောက်အဖြစ် ပါဝင် သရုပ်ဆောင်ထားပါတယ်” ဟု လတ်တလော အနုပညာလှုပ်ရှားမှုများကို ပြောသည်။

 
ကိုလင်း