ရန်ကုန် ၁၈ သြဂုတ်
Myanmar Media 7 ရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာ သြရသ ဖန်တီးပုံဖော်ထားသည့် နာနာဘာဝ ချစ်သူ ဟာသဝိညာဉ်ဇာတ်လမ်း ရုပ်ရှင်ဇာတ်ကား အထူးပွဲကို သြဂုတ် ၁၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ ဒေါပုံမြို့နယ်ရှိ Mega Ace (Capital) တွင် ပြုလုပ်ခဲ့သည်။
အဆိုပါဇာတ်ကားတွင် သရုပ်ဆောင် ဗေလုဝ၊ ညီထွဋ်ခေါင်၊ ကျော်ကျော်၊ အရိုင်း၊ ထိုင်းမင်းသမီး ပတ်ချာရာတူသောင်နှင့်အတူ ဆင်မ၊ ညီကျော်၊ အောင်သော်၊ မျောက်ရှုံး၊ ကျင်ဝှက်၊ ကြာစိ၊ အောင်မော်၊ စိန်သီး၊ ကြယ်သီး၊ ရွှေအိုး၊ မျိုးမျိုးခိုင်၊ နန်းထိပ်ထားစံနှင့် wai လျှံ စသည့် အနုပညာညီအစ်ကို မောင်နှမများက ပါဝင်အားဖြည့်ထားကြသည်။
အိမ်တစ်လုံးပိုင်နိုင်ရန် ရည်ရွယ်ပြီး ဂျပန်တွင် အလုပ်လုပ်ရင်း ငွေစုခဲ့သည့် ချမ်းမြေ့(ဗေလုဝ)သည် သူငယ်ချင်းပွဲစား လိုက်လံပြသသည့် အိမ်ကို ဝယ်ယူခဲ့ရာ ထိုအိမ်မှာ သရဲအလွန်ခြောက်သော အိမ်ဖြစ်နေသည်။ သေရွာပြန်ဖြစ်ပြီး ဝိညာဉ်များနှင့် စကားပြောနိုင်သော ကိုဗညား(အရိုင်း)က ချမ်းမြေ့အား အနှောင့်အယှက်ပေးနေသည့် နာနာဘာဝ ထိုင်းသရဲမလေးကွန်ယက် (ပတ်ချာရာတူသောင်)နှင့် ချမ်းမြေ့တို့ကြား အဆင်ပြေစေရန် ကူညီခဲ့သည်။ အိမ်ပြန်ရောင်းချင်နေသည့် ချမ်းမြေ့တစ်ယောက် တစ်နေ့တွင် ဓာတ်လိုက်ရင်း ဆေးရုံရောက်ရာမှ နာနာဘာဝများကို မြင်ခွင့်ရသွားခဲ့သည်။ ထို့ကြောင့် ချောမောလှပသော ထိုင်းသရဲမလေးအား မကြောက်တော့ဘဲ အချစ်စိတ်မွှန်ပြီး သရဲမလေးအားချစ်ခွင့်ကို ကိုဗညားမှတစ်ဆင့် ပြောခိုင်းရာမှ သရဲမလေးနှင့် သူ၏ချစ်သူ ချစ်ရင်ထူး (ညီထွဋ်ခေါင်)တို့၏ ကြေကွဲဖွယ်ရာ အချစ်ဇာတ်လမ်းကို သိရှိသွားသည်။ ထိုမှ ချစ်သူနှစ်ဦး ပြန်လည်ပေါင်းဖက်နိုင်ရန် ကူညီပုံများကို ဇာတ်လမ်းဆင် ရိုက်ကူးထားသည်။
ငယ်ရွယ်ပြီး ချောမောလှပသည့် သရဲမလေးနေရာတွင် ထိုင်းနိုင်ငံမှ မင်းသမီးငယ်လေး ပတ်ချာရာတူသောင်ကို သရုပ်ဆောင်စေကာ မင်းသားနေရာတွင် နာမည်ကျော်သရုပ်ဆောင် ဦးဗေလုဝကို သရုပ်ဆောင်စေခြင်းကလည်း ဇာတ်ကား၏ ထူးခြားချက်ပင်ဖြစ်သည်။
ဒါရိုက်တာ သြရသ ''Media 7 က ဦးဗေကို ခေါင်းဆောင်အဖြစ် ရိုက်ချင်တယ်ဆိုတော့ လုပ်ပေါ့၊ မင်းသမီးချောချောလေးနဲ့ တွဲမယ်ဆိုပြီး စဉ်းစားရာကနေ ထိုင်းကနေ မင်းသမီး အငယ်လေးတစ်ယောက်ကို တွဲပြီးရိုက်လိုက်ရင် ပိုပြီးတော့ဆန်းသစ်နိုင်တယ်၊ ပိုပြီးတော့ ပရိသတ်စိတ်ဝင်စားနိုင်တယ် ဆိုပြီးတော့ ရိုက်ဖြစ်ခဲ့တာပါ'' ဟုပြောသည်။
ချမ်းမြေ့အဖြစ် သရုပ်ဆောင်သည့် ဦးဗေလုဝက ''ဇာတ်လမ်းလေး ဖတ်ပြီးအားရတာနဲ့ ရိုက်ဖြစ်သွားတာပါ။ ဒါရိုက်တာကလည်း ဒီဇာတ်လမ်းလေးကို ပြောနေတာကြာပြီ၊ ကျွန်တော်လုပ်ချင်တဲ့ အလွမ်းလေးတစ်ခု လုပ်ခွင့်ရခဲ့တာကတော့ အမှတ်တရပါပဲ၊ နိုင်ငံခြားမင်းသမီးနဲ့လည်း တစ်ခါမှမရိုက်ဖူးဘူး။ အချစ်ခန်းတွေ ရိုက်တဲ့အချိန်မှာ တစ်ပြည်သူလေးကို နည်းနည်းတော့ အားနာတယ်။ ဒီကားမှာက သရဲကိုမြင်ပြီး ချစ်မိရာကနေ သရဲကပြန်ကြောက်ရတဲ့ လူအဖြစ်သရုပ်ဆောင်ထားပါတယ်'' ဟုပြောသည်။
ဇာတ်ကားထဲတွင် ချစ်သူနှင့်အတူ နေထိုင်ခဲ့သည့် အိမ်တွင် ဝိညာဉ်ဘဝဖြင့် ချစ်သူကိုစောင့်စားနေခဲ့ပြီး မိမိနေထိုင်ရာအိမ်သို့ တခြားသူလာနေမည်ကို မနှစ်မြို့သူအဖြစ် ခြောက်လန့်နေခဲ့သည့် ထိုင်းမင်းသမီး ပတ်ချာရာတူသောင်၏ သရုပ်ဆောင်မှုများကို သနားစရာ ဝိညာဉ်မလေးအဖြစ်တစ်ဖုံ၊ ကြောက်မက်ဖွယ် သရဲမလေးအဖြစ် တစ်သွယ် မြင်တွေ့ရမည်ဖြစ်သည်။
''ဒီကားမှာ သရဲနေရာကနေ သရုပ်ဆောင်တာပါ။ သရဲဇာတ်ဆောင်အဖြစ်ရိုက်တာ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်၊ ကိုယ်တိုင်လည်း သရဲကြောက်တဲ့အတွက်ကြောင့် စိတ်လှုပ်ရှားမှု အနည်းငယ် ရှိခဲ့ပါတယ်၊ ဒီဇာတ်ကားမှာ သရဲက လူကိုပြန်ကြောက်ရတဲ့ ဟာသပုံစံလေး ရိုက်ထားတာ၊ ဘာသာစကားကလွဲလို့ ကျန်တာ အခက်အခဲမရှိခဲ့ပါဘူး။ အကောင်းဆုံးတော့ ကြိုးစားထားပါတယ်၊ ဦးဗေနဲ့ သရုပ်ဆောင်ရတာ အလွန်ပျော်ဖို့ ကောင်းပါတယ်'' ဟု ထိုင်းမင်းသမီး ပတ်ချာရာတူသောင်က ပြောသည်။
ဝိညာဉ်လောက၏ အကြောင်းများကို စုံစမ်းထောက်လှမ်းနေသည့် ဆားပုလင်းနှင်းဆောင်အဖြစ် သရုပ်ဆောင်ထားသည့် ဆင်မနှင့် သူ၏ ဝိညာဉ်အပေါင်းအဖော်များ၏ သရုပ်ဆောင်မှုများကလည်း ဇာတ်ကားတစ်ကားလုံး မငြီးငွေ့အောင် အရွှန်းအဖောက်ကလေးများဖြင့် သရုပ်ဆောင်ထားသည်ကို ကြည့်ရှုရမည်ဖြစ်သည်။
''ဒီကားမှာ ကျွန်တော်က ဝိညာဉ်ဆားပုလင်းစုံထောက် တစ်ယောက်ပါ။ အမှတ်တရကတော့ ဒီကားထဲမှာ ရေခဲတောင်စီးကရက်ကို သောက်ရတယ်။ အဲဒီစီးကရက်မရှိတော့ ခပေါင်းဆေးလိပ်ကို ဖွာရတယ် ခဏခဏ ချောင်းဆိုးတယ်၊ ဒီကားမှာ မင်းသားကလည်း ထူးခြားတယ်လေ ကိုဗေနဲ့ ဒီကမင်းသမီးနဲ့ တွဲမယ့်အစား ထိုင်းမင်းသမီးနဲ့တွဲ လိုက်တယ်။ ဒီကားလေးက ဟာသကို အများဆုံး ပေးစွမ်းတဲ့ ဇာတ်ကားလေးပါ။ ကိုဗေက ဒီအိမ်ကြီးကို သွားဝယ်မယ်။ အဲဒီအိမ်မှာမှ ဝိညာဉ်ရှိနေတာ၊ နောက်ပိုင်း ဝိညာဉ်ရဲ့ဘဝလေးကို သိလာတော့ သနားလာတယ်။ အဲဒီမှာကူညီကြတယ်။ ကျွန်တော်တို့ကလည်း ဝိညာဉ်စုံထောက်တွေဆိုတော့ ဝိုင်းကူညီကြတယ်။ ဟာသကားဖြစ်ပေမယ့် ပရိသတ်တွေကို အကောင်းဆုံး ရသတစ်ခုပေးမှာပါ'' ဟု ဆင်မကပြောသည်။
ထို့အပြင် ဝိညာဉ်များကို မြင်တွေ့ခွင့်ရပြီး ပြောဆိုဆက်သွယ်နိုင်သည့် ကိုဗညားအဖြစ် သရုပ်ဆောင်ထားသည့် ဦးအရိုင်း၏ သရုပ်ဆောင်မှုများကိုလည်း ကျေနပ်နှစ်သက်ဖွယ် ကြည့်ရှုရမည်ဖြစ်သည်။
အဆိုပါဇာတ်ကားထဲတွင် ကျော်ခေါင်အဖြစ် သရုပ်ဆောင်ထားသည့် ကျော်ကျော်က ''ကျွန်တော်က ဗီလိန်သဘောမျိုး သရုပ်ဆောင်ထားတာပါ၊ ထိုင်းမင်းသမီးနဲ့ ညီထွဋ်ခေါင်ကို မကျေနပ်ဘူး၊ အမုန်းတရားတွေ ကြီးထွားနေတဲ့လူနေရာကနေ သရုပ်ဆောင်တာပါ။ ဒီကားမှာ မင်းသားက ဦးဗေ၊ ဒီကားရဲ့ အနှစ်သာရကိုက အရမ်းချောတဲ့ ကောင်မလေးရယ်၊ မင်းသားရယ် မတူညီတဲ့ နှစ်ခုကိုတွဲပြီး ရိုက်ပြထားတာပေါ့၊ မလိုမုန်းတီးတဲ့ စိတ်တွေက မကောင်းဘူး၊ ချစ်ခြင်းမေတ္တာကအရေးကြီးတယ်၊ ဒါမျိုးလေးပါပဲ။ ဖျော်ဖြေရေးရုပ်ရှင်ဇာတ်ကား တစ်ကားပါ'' ဟုပြောသည်။
ချစ်သူထိုင်းမလေးနှင့် အကြောင်းပါခဲ့ပြီး ရွှေလက်တွဲခွင့်ရခဲ့သော်လည်း ပျားရည်ဆမ်းခရီးထွက်သည့်နေ့တွင် လမ်းတွင် ကားမတော်တဆဖြစ်ခဲ့ပြီး ချစ်သူကသေဆုံး၊ မိမိမှာ ဆေးရုံပေါ်တွင် တစ်နှစ်နီးပါး သတိလစ်မေ့မျောနေကာ နောက်ဆုံး မိမိချစ်သူနှင့် ဝိညာဉ်ချင်းပေါင်းဖက်နိုင်ခဲ့သည့် ချစ်ရင်ထူးအဖြစ် သရုပ်ဆောင်ထားသည့် ညီထွဋ်ခေါင်က ''ဒီကားမှာ ကျွန်တော်ပါဝင်ရတဲ့ အခန်းက နည်းပါတယ်။ ထိုင်းမင်းသမီးလေးရဲ့ ချစ်သူပေါ့။ ချစ်သူနေရာက ပါဝင်ရတာပါ။ ကျွန်တော်တို့ဆီမှာ သရဲကားတွေကတော့ အများကြီးပါ။ သရဲကို ဟာသအနေနဲ့တော့ ရုပ်ရှင်မှာလည်း ရှားတယ်လေ။ ကြောက်ကြောက်ကြောက်ဆိုတဲ့ ကားတော့ရှိပါတယ်။ ဒါပေမယ့် အဲဒီကားနဲ့လည်း မတူပြန်ဘူး။ ပိုပြီးထူးထူးခြားခြား ဖြစ်တယ်။ လာရောက်ကြည့်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်'' ဟုပြောသည်။
ဝိညာဉ်ဟာသ ရုပ်ရှင်ဇာတ်ကား ဟုဆိုသော်လည်း ဝါရင့်သရုပ်ဆောင် ဦးဗေလုဝ၊ ထိုင်းမင်းသမီးလေး ပတ်ချာရာတူသောင်၊ အရိုင်း၊ သရုပ်ဆောင် ညီထွဋ်ခေါင်၊ ကျော်ကျော်နှင့် အနုပညာ ညီအစ်ကိုမောင်နှမများ၏ ကျရာနေရာနေရာမှ ပီပြင်စွာ သရုပ်ဆောင်ထားမှုများဖြင့် ကြည့်ရှုသူများကို တစ်ဒင်္ကစိတ် အပန်းပြေနိုင်စေမည့် ''နာနာဘာဝချစ်သူ'' ရုပ်ရှင်ဇာတ်ကားမှာ သြဂုတ် ၂၄ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသတော့မည်ဖြစ်ပါကြောင်း ရုပ်ရှင်ချစ် ပရိသတ်ကြီးအတွက် သတင်းစကား ရေးသားလိုက်ရပါသည်။
(သီသီမင်း၊ အေးမင်းသူ/ ဓာတ်ပုံ- မိုးမြင့်မောင်)