ရန်ကုန် ၁၉ သြဂုတ်
အောင်သီရိရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဇာတ်လမ်းနှင့် ဒါရိုက်တာ ရာဇဝင်ကို က ရိုက်ကူးထားသည့် `` အဆိုတော်တွေနေတဲ့ရွာ ´´ ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ရန်ကုန်မြို့ ၊ သမ္မတ အဆင့်မြင့်ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး သြဂုတ် ၂၄ ရက်မှစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဇာတ်ကားတွင် မင်းမော်ကွန်း၊ ဇေရဲထက်၊ မြန်မာပြည်သိန်းတန်၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ မို့မို့မြင့်အောင်၊ ရွှေမှုံရတီ၊ နုနန္ဒာသန်းနှင့် အခြားသော အနုပညာရှင်များပါဝင်ပြီး ဂီတကို ရူးသွပ်လောက်သည်အထိ ဝါသနာပါချစ်မြတ်နိုးသူများနေထိုင်ကြသည့် ရွာတစ်ရွာတွင် ဂီတပြိုင်ပွဲကျင်းပပုံနှင့် အလွဲအချော်များ၊ ဂီတကိုပုံစံအမျိုးမျိုးဖြင့် အစွဲအလန်းကြီးစွာ ဝါသနာပါ ချစ်မြတ်နိုးကြသူတို့၏ ပုံရိပ်များကို ဟာသအမြင်ဖြင့် ပျော်ရွှင်ဖွယ်ဖြစ် အောင်ရိုက်ကူးထားသည့် ဟာသရုပ်ရှင်ဇာတ်ကား ဖြစ်သည်။
ဇာတ်လမ်းနှင့် ဒါရိုက်တာရာဇဝင်ကို က `` အန်ကယ်ဦးသိန်းတန်တို့ ဇနီးမောင်နှံနဲ့ ရိုက်ချင် တယ်ဆိုတဲ့အတွက် ရိုက်ဖြစ်ခဲ့တာပါ။ ဒီဇာတ်လမ်းက ကျွန်တော်မှာ အရင်ကတည်းကရှိပြီးသားပါ။ အန်ကယ်တို့နဲ့ ရိုက်တဲ့အခါ ဇာတ်လမ်း ပုံစံနည်းနည်းပြောင်းပြီး ရိုက်ခဲ့တာပါ။ ပရိတ်သတ်တွေအနေနဲ့ ကျွန်တော်တို့ကားလေးကို ကြည့်တဲ့အချိန်မှာ ပျော်ရွှင်နေရမယ်။ သူတို့ရဲ့ဘ၀ အမောတွေ ပျောက်သွားမယ်ဆိုရင် လုပ်ရကျိုးနပ်ပါတယ်။ အဆိုပြိုင်ပွဲတွေ ခေတ်စားနေတဲ့အခါမှာ ရန်ကုန်မြို့မှာသာကျင်းပနေတဲ့ အဆိုပြိုင်ပွဲတစ်ခုကို ရွာဘက်မှာကျင်းပခဲ့ရင် ဘယ်လိုနေမလဲ ဆိုတဲ့ပုံစံမျိုးနဲ့ ရိုက်ထားတာပါ။ IDOL ပွဲကိုရွာကို ရွှေ့လိုက်တဲ့သဘောပါ။ ကျွန်တော်တို့ အနေနဲ့ Myanmar Idol ကို လှောင်တာမျိုးမဟုတ်ပါဘူး။ ချစ်စဖွယ်ပုံစံမျိုး နဲ့ရိုက်ထားတာပါ။ အဲ့ဒီအတွက်လည်း ပရိတ်သတ်ကြီး အနေနဲ့အားပေးကြပါဦး။ အန်ကယ်နဲ့ အန်တီတို့ကိုလည်း ဒီဇာတ်ကားမှာ ထူးခြားတဲ့ဇာတ်ရုပ်တွေ အနေနဲ့တွေ့ရမှာပါ´´ ဟုပြောသည်။
သရုပ်ဆောင် ဇေရဲထက်က ``ဒီဇာတ်ကားမှာ ကျွန်တော်က Rapper ရူးနေတဲ့ ကောင်လေးတစ်ယောက်ပါ။ ကိုခင်လှိုင်နဲ့တွဲရတယ်။ တစ်ခြားသူတွေကလည်း ဂီတနဲ့ပတ်သက်ပြီး အမျိုးမျိုးရူးသွပ်နေကြတယ်။ အဲဒီအထဲမှာကျွန်တော်ကတော့ Rapper ကိုမြတ်နိုးတဲ့သူအနေနဲ့ ရိုက်ထားတာပါ။ တစ်ကားလုံးကောင်းပါတယ်။ သူ့ဇာတ်လမ်းနဲ့သူ စီးမျောနေတာပါ။ စိတ်အပန်းဖြေစရာ၊ ရယ်မောပျော်ရွှင်ဖွယ်ရာကောင်းတဲ့ ကားလေးတစ်ကားပါ။ ´´ ဟုပြောသည်။
မြန်မာပြည်သိန်းတန် က ``အဲဒီတုန်းက Myanmar Idol Season 2 ရိုက်နေတာပါ။ ဇာတ်ညွှန်းကို ဖတ်ကြည့်တော့ Idol ပါတယ်၊ တော်တော်လေးလည်းတိုက်ဆိုင်တယ်၊ ဇာတ်လမ်းလေးနဲ့ ရယ်စရာလေးတွေကိုလည်းကြိုက်တယ်။ ဇာတ်လမ်းထဲမှာ သူနဲ့ကိုယ်နဲ့ ငယ်ငယ်တုန်းက ရည်းစား၊ ပြီးတော့ ပြန်ကွဲသွားပြီးတော့ ပြန်တွေ့ကြတယ်။ အဲဒါလေးကိုလည်း သဘောကျလို့ ရိုက်ဖြစ်ခဲ့တာပါ။ ဒီကားထဲမှာတော့ နာမည်က ကိုတုတ်ကြီးပါ။ မြန်မာသံစဉ်ကို ဝါသနာပါပြီး မြန်မာပြည်သိန်းတန်ကို ကြိုက်တဲ့သူတစ်ယောက်ပါ။ မြန်မာပြည်သိန်းတန်လို ဝတ်ချင်တယ်။ ဆိုချင်တယ်ဆိုတဲ့ ဇာတ်ရုပ်ပါ။ အန်ကယ် သဘောကျပါတယ်။ ရိုက်ကွင်းမှာ နေ့တိုင်းပျော်ခဲ့ရပါတယ်။ ကျန်တဲ့သူတွေကလည်း အန်ကယ်တို့ကို လက်တွဲခေါ်ယူပေးပါတယ်။ ဒီကားလေးဟာစိတ်ဝင်စားစရာကောင်းပြီး ရီရတဲ့ဇာတ်ကားမျိုးပါ။ အခုပြန်ကြည့်လိုက်တော့လည်း ထင်ထားတာထက်ပိုပြီးရယ်ရပါတယ်။ အားလုံးလာပြီး အားပေးကြပါ။ သြဂုတ် ၂၄ ရက်မှာရုံတင်မှာပါ´´ ဟုပြောသည်။
သရုပ်ဆောင် ရွှေမှုံရတီ က`` Idol နဲ့ပတ်သက်ပြီး ဂယက်တွေ မထခင်ကတည်းက ဒီဇာတ်ကားကိုရိုက်ထားတာပါ။ နှစ်နှစ်ကျော်ခဲ့ပါပြီ။ အခုလို ဂယက်တွေကြားထဲမှာ ဒီကားလေး ထွက်လာတဲ့အတွက် ပိုပြီးစိတ်ဝင်စားဖို့ကောင်းသွားပါတယ်။ ဒီဇာတ်ကားထဲမှာ အဖေနဲ့ အမေက မြန်မာသံအဆိုတော်ကြိုက်တဲ့သူတွေပါ။ ကိုယ်ကတော့ ပန့် အဆိုတော်ဖြစ်ချင်တဲ့သူတစ်ယောက်ပါ။ ပျော်စရာကောင်းပြီး ရယ်ရတဲ့ဇာတ်ကားလေးပါ´´ ဟုပြောသည်။
သရုပ်ဆောင် ဝါဝါအောင်က `` ဒီဇာတ်ကားမှာ အဆိုတော်ကြီး ၊ ပွဲစီစဉ်တဲ့သူ ဒိတ်ဒိတ်ကြဲ အဖြစ်ပါဝင်ထားတာပါ။ မနုနန္ဒာသန်းရဲ့ သူငယ်ချင်းအဖြစ် သရုပ်ဆောင်ရတာပါ။ တစ်ရွာလုံးမှာ ရှိတဲ့သူတွေက တစ်ယောက်တစ်မျိုးစီ အဆိုတော်ဖြစ်ချင်ကြတယ်။ အဲဒီအတွက် ပွဲလုပ်ချင်တယ်ဆိုလို့ ရန်ကုန်မှာရှိတဲ့ ပွဲစီစဉ်သူကိုခေါ်ပြီးတော့ ပွဲလုပ်ခိုင်းတဲ့ပုံစံမျိုးပါ။ ဒီဇာတ်ကားဟာ ပုံမှန်ဇာတ်ကား တွေနဲ့မတူပါဘူး။ အပြင်အဆင်တွေ ၊ ဒီဇိုင်းတွေအပြင် ဂီတ အမျိုးအစား တစ်ခုချင်းစီရဲ့ ပုံစံမျိုးတွေ ဝတ်စားထားကြတဲ့အတွက် ထူးထူးခြားခြားလေးပါ။ ပရိတ်သတ်ကြီးလည်း သဘောကျမှာပါ။ လာရောက်ပြီးအားပေးကြပါ´´ ဟုပြောသည်။
ဇာတ်လမ်းအကျဉ်းအနေဖြင့် မိုက်ခဲရွာမှာရှိတဲ့ လူတွေအားလုံးက သီချင်းဆိုခြင်းကို ဝါသနာပါကာ ကိုယ်အားသန်ရာ၊ ကိုယ်ကြိုက်ရာသီချင်းအမျိုးအစားအလိုက် ရူးသွပ်ကြတယ်။ Rock ဂီတကို ရူးသွပ်သူများ၊ Rap ဂီတကို ရူးသွပ်ကြသူများ၊ Punk ဂီတကိုရူးသွပ်ကြသူများ၊ မြန်မာသံကို ရူးသွပ်ကြသူများ စသဖြင့် အားလုံးက ကိုယ့်လိုင်းနဲ့ကိုယ် မျောလွင့်နေကြတာပါ။ ပြီးတော့ သူတို့က ကိုယ်အားပေးတဲ့ဂီတအမျိုးအစားမဟုတ်ရင် တခြားဂီတအမျိုးအစားတွေကို ဂီတလို့မထင်။ ရွာမှာလည်း မရှိစေချင်၊ အသံတောင် မကြားချင်တဲ့အတွက် ဂီတအမျိုးအစားတိုက်ပွဲတွေ ခဏခဏ ဖြစ်ကြပါတယ်။
အဲဒီထဲမှာမှ အဆိုးဆုံးကတော့ ဒေးဗစ်ကြက်မတို့မိသားစုနဲ့ ကိုးဖြူတို့မိသားစုပါပဲ။ အဲဒီမိသားစုနှစ်စုက တစ်ဖက်နဲ့တစ်ဖက် ဂီတအမျိုးအစားမတူလို့ မတည့်ကြရတဲ့အထဲ အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း ရည်းစားလုဘက်တွေဖြစ်နေကြတော့ ခဏခဏရန်ဖြစ်ကြတယ်။
အဲဒီလိုတွေ ခဏခဏရန်တွေဖြစ်ကြ၊ ရည်းစားတွေလုကြ၊ ကိုယ့်ဂီတကိုမှ ဂီတလို့ ထင်ကြဖြစ် နေကြရင်းနဲ့ပဲ တစ်နေ့မှာတော့ သူတို့ရွာလေးကို ရန်ကုန်မှာ ပွဲတွေစီစဉ်၊ အဆိုတော်လည်း လုပ်တဲ့ ဒေါ်ဒိတ်ဒိတ်ကြဲနဲ့ သူမရဲ့ချစ်သူကောင်လေး ထန်ကြီးတို့ ရောက်လာကြတယ်။ အဲဒီမှာတင်ပဲ သူတို့ရွာ လေးမှာ ရန်ကုန်က မြန်မာအိုင်ဒေါလိုပဲ မိုက်ခဲရွာအိုင်ဒေါလုပ်မယ်။ ဆုရတဲ့သူကို သီချင်းခွေ ထုတ်ပေးမယ်ဆိုတဲ့အဆင့်အထိ ရောက်လာတယ်။
အိုင်ဒေါမှာ ဒိုင်လုပ်ရမှာက ဦးတုတ်ကြီးရယ်၊ ဒေါ်ဒိတ်ဒိတ်ကြဲရယ်၊ ဒေါ်ချစ်စုရယ်ပါ။ အဲဒီတော့ ရွာထဲက လူတွေကလည်း ပြိုင်ပွဲမှာဒိုင်တွေက မျက်နှာသာပေးအောင် ဒိုင်သုံးယောက်ကို လာဘ်တွေထိုးကြတယ်။
ဦးတုတ်ကြီးရဲ့ သမီးနှစ်ယောက်နဲ့ ဒေါ်ချစ်စုရဲ့သားတို့က ဦးတုတ်ကြီးနဲ့ ဒေါ်ချစ်စုကို အသက်ကြီးမှ ပြန်ပေါင်းထုပ်ကြမှာကို မလိုလားဘူး။ ဒီတော့ အမျိုးမျိုး ကန့်ကွက်ကြတယ်။ ဒီတော့ ဦးတုတ်ကြီးနဲ့ ဒေါ်ချစ်စုတို့က ဒေါ်ဒိတ်ဒိတ်ကြဲရဲ့ အကူအညီနဲ့ ပြိုင်ပွဲညမှာ ပွဲဆူအောင်လုပ်ပြီး ခိုးပြေးကြဖို့လုပ်ထားကြတယ်။
ဒီလိုနဲ့ ပြိုင်ပွဲညရောက်တဲ့အခါမှာတော့ ရွာထဲမှာရှိသမျှလူတွေက ကိုယ်အားသန်ရာ သီချင်းတွေနဲ့ အမျိုးမျိုးပြိုင်ကြတယ်။ နောက်ဆုံးဆုပေးတဲ့ အခါမှာတော့-----
သတင်း-ဇော်ကြီး
ဓာတ်ပုံ-ဖေဇော်