ရန်ကုန် ၁၇ ဇန်နဝါရီ
ကမ္ဘာ့အကြီးဆုံး စာအုပ်ဈေးရောင်းပွဲတော်ဟု လူသိများသည့် The Big Bad Wolf Book -2019 စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Park (MEP)၌ ကျင်းပသည်။
အခမ်းအနားတွင် ဈေးရောင်းပွဲတော် စီစဉ်ဆောင်ရွက်သူ Read 2 Read Myanmar အဖွဲ့၏ ဒါရိုက်တာ ဦးမျိုးအောင်၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း ဥက္ကဋ္ဌ ဒေါ်နန်းကလျာဝင်းနှင့် နာယက ဒေါက်တာသာထွန်းဦးတို့က အမှာစကားပြောကြားကြပြီး The Big Bad Wolf Book sale တည်ထောင်သူ Mr.Andrew Yap နှင့်အတူ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
လူတန်းစားမရွေး၊ အသက်အရွယ်မရွေး၊ ဈေးနှုန်းချိုသာသည့် စာအုပ်များကို မိမိတို့စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ခြင်း၏ အကျိုးကျေးဇူးခံစားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပသည့် The Big Bad Wolf Book -2019 စာအုပ်ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Park (MEP) ၌ ဝင်ကြေးအခမဲ့ဖြင့် ဇန်နဝါရီ ၁၈ မှ ၂၈ ရက်အထိ ၁၁ ရက်တိုင် ၂၄ နာရီပတ်လုံး ဖွင့်လှစ်ရောင်းချ ပေးသွားမည်ဖြစ်သည်။
The Big Bad Wolf Book - 2019 စာအုပ်ဈေးရောင်းပွဲတော်တွင် ဂန္တဝင်ဝတ္တုများ၊ သိပ္ပံ၊ စိတ်ကူးယဉ် ဝတ္တုများ၊ အချစ်ဝတ္တု၊ သုတ၊ ရသစာပေများ၊ ဟာသရုပ်ပြ စာအုပ်များ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ချက်ပြုတ်ခြင်းဆိုင်ရာ စာအုပ်များ၊ ကလေးသူငယ်များ စိတ်ဝင်စားဖွယ် ဆေးရောင်ခြယ်စာအုပ်များ၊ သင်ထောက်ကူပြု စာအုပ်များ၊ ရုပ်ပြစာအုပ်များ စသည့် သုတ၊ ရသကဏ္ဍစုံမှ စာအုပ်အမျိုးအစားပေါင်း နှစ်သောင်းကျော်ပါဝင်ပြီး အသစ်စက်စက် အင်္ဂလိပ် ဘာသာစာအုပ်ပေါင်း ၁ သန်း ကျော်ကို ၅၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ အထူးလျော့ဈေးဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။
စာအုပ်ဈေးရောင်းပွဲတော်တွင် Augmented Reality (AR) နည်းပညာဖြင့် ဖန်တီးထားသည့် စာအုပ်များကို မြန်မာစာဖတ် ပရိတ်သတ်များအနေဖြင့် လေ့လာကြည့်ရှု ဝယ်ယူဖတ်ရူနိုင်မည် ဖြစ်သည်။
ယင်း စာအုပ်ဈေးရောင်းပွဲတွင် CB Bank Card ကိုင်ဆောင်သူများသည် စာအုပ်များကို ငွေကျပ် တစ်သောင်းဖိုးနှင့် အထက်ဝယ်ယူပါက ငါးရာခိုင်နှုန်း (5 %) ပြန်အမ်းငွေ ရရှိမည်ဖြစ်သည်။ ထို့ပြင် The Big Bad Wolf Books သည် Save the library အဖွဲ့နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက် ၁၀ဝ သို့ စာအုပ်များ လှူဒါန်းသွားမည်ဖြစ်ရာ စာအုပ်ဈေးရောင်းပွဲရှိ Red Readerhood Programme booth တွင် ကိုယ်တိုင်ကိုယ်ကျ ပေးအပ်လှုဒါန်းခြင်းဖြင့် The Big Bad Wolf books ၏ လှုဒါန်းမှုတွင် ပါဝင်နိုင်ကြောင်း သိရသည်။
The Big Bad Wolf Books Sale ကို ကမ္ဘာတစ်ဝန်းရှိ လူအများအတွက် စာအုပ်စာပေများကို ဈေးနှုန်းချိုသာစွာဖြင့် လက်ဝယ်ရရှိရန် ဖန်တီးပေးမည့် ရည်မှန်းချက်ဖြင့် ၂၀ဝ၉ ခုနှစ်တွင် မလေးရှားနိုင်ငံတွင် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။
The Big Bad Wolf Books Sale သည် မလေးရှားနိုင်ငံနှင့် အာရှတစ်ခွင်၌ ထင်ရှားသည့် စာအုပ်ဈေးရောင်းပွဲတော်တစ်ခု ဖြစ်သည်။ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ သီရိလင်္ကာနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံများနှင့် တရုတ်(တိုင်ပေ) တို့၌လည်း နှစ်စဉ်ကျင်းပလျက်ရှိပြီး ယခုအခါ မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)