နေပြည်တော် ၁၇ ဇန်နဝါရီ
မြန်မာနိုင်ငံ၏ ပထမဆုံး အရေးပေါ်အသက်ကယ် သင်တန်းဌာန ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇမ္ဗူသီရီမြို့နယ်ဆေးရုံ၌ ကျင်းပသည်။
ရှေးဦးစွာ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်နှင့် ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးတို့က အရေးပေါ်အသက်ကယ် သင်တန်းဌာနကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ နေပြည်တော်ကော်စီဝင် ဦးတင်ထွန်းနှင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က သင်တန်းဌာနဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ထိခိုက်ဒဏ်ရာရရှိမှုများနှင့် အရေးပေါ်ကျန်းမာရေး ပြဿနာများခံစားရသည့် ပြည်သူများ၏ အသက်များစွာကို ကနဦး ကယ်တင်ကုသမှုပေးနိုင်မည့် ရှေးဦးအသက်ကယ်ပြုစုခြင်း အတတ်ပညာရှင်များကို သင်ကြားမွေးထုတ်ပေးမည့် သင်တန်းဌာနကို မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် ဖွင့်လှစ်နိုင်ရန် အလေးထား ဆောင်ရွက်ပေးခဲ့သူများကို ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း၊ သင်ကြားပို့ချမှုလုပ်ငန်းများတွင် ပူးပေါင်းပံ့ပိုးပေးသည့် အမေရိကန်နိုင်ငံ အခြေစိုက် Suu Foundation နှင့် ဟောင်ကောင်အခြေစိုက် Prudence Foundation တို့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှု အပါအဝင် မတော်တဆဖြစ်ပွားမှုများနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများသည်များပြားပြီး ကနဦး အသက်ကယ်တင်ကုသမှုနှင့် လူနာအားဆေးရုံသို့ စနစ်တကျ ရွှေ့ပြောင်းသယ်ယူ ပို့ဆောင်မှုတို့သည် အရေးကြီးပါကြောင်း။
၂၀၁၆ ခုနှစ် စာရင်းဇယားများအရ လူနာများ၏ ၂၄ ရာခိုင်နှုန်းသည် လူနာတင်ယာဉ်များဖြင့် ဆေးရုံသို့လာရောက်ကြသည်ကို တွေ့ရှိရပြီး ဝန်ကြီးဌာနမှ ၂၀၁၇ ခုနှစ်အတွင်း အရေးပေါ်လူနာတင်ယာဉ် ၅၅ စီး ထပ်မံဝယ်ယူထားရှိပါကြောင်း၊ သင်တန်းဆရာများ သာမက သင်တန်းသားများထံကပါ အကြံပြုချက်များတောင်းခံပြီး သင်တန်းဌာနတွင် သင်ကြားပို့ချသည့် သင်တန်းများကို ပိုမိုထိရောက်ကောင်းမွန်ရေးအတွက် သင်ရိုးညွှန်းတမ်းနှင့် သင်ကြားပုံနည်း စနစ်များ ပြင်ဆင်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သင်တန်းဌာနမျိုးကို ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အမြန်ဆုံး ဖွင့်လှစ်ဆောင်ရွက်နိုင်ရန်အတွက် ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ရှေးဦးအသက်ကယ် ပြုစုခြင်းနှင့် အရေးပေါ်အသက်ကယ်ကုသခြင်း လုပ်ငန်းများတွင် ချိတ်ဆက်ဆောင်ရွက်မှုသည် အထူးအရေးကြီးသဖြင့် လူမှုအဖွဲ့အစည်းများနှင့် ပရဟိတအသင်းအဖွဲ့များမှ အရေးပေါ် လူနာတင်ယာဉ်များပါ ပါဝင်သည့် အမျိုးသားအဆင့် အရေးပေါ်လူနာတင်ယာဉ် ကွန်ရက်ကြီး (National Ambulance Network) ဖြစ်ပေါ်လာရေးကိုလည်း အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆေးတက္ကသိုလ်များတွင် ရှေးဦးအသက်ကယ်ပြုစုခြင်းနှင့် အရေးပေါ် အသက်ကယ်ကုသခြင်းဆိုင်ရာ သင်ခန်းစာများကိုလည်း ယခုထက်ပိုမို ထည့်သွင်းသင်ကြားရန် ဖြစ်ပါကြောင်း၊ သင်တန်းများမှ အောင်မြင်သူများကို အသိအမှတ်ပြုလက်မှတ် (certificate) များ ပေးအပ်ပြီး သင့်တော်သော ကာလတစ်ခုတွင် မွမ်းမံသင်တန်းများ ထပ်မံပေးအပ်နိုင်ရန်ကိုလည်း စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ သင်တန်းဌာန ပေါ်ပေါက်လာပုံနှင့် သင်တန်းဌာနတွင် သင်ကြားပို့ချမည့် သင်တန်းများနှင့်စပ်လျဉ်း၍ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးက ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဌာနကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
(သတင်းစဉ်)