၂၆ နိုဝင်ဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီက ၂ဝ၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုများကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ အမျိုးသားစာပေ ဆုရစာပေပညာရှင်များဖြစ်သည့် စာရေးဆရာ လင်းထက်ဆွေနှင့် စာရေးဆရာမ စံပယ်ဖြူနုတို့အား တွေ့ဆုံမေးမြန်းခဲ့ပါသည်-

 

စာရေးဆရာ လင်းထက်ဆွေ(ဘာသာပြန်-သုတဆု)

ဟိမဝန္တာခရီးသည်၏ ဆေးဘုရားရှာပုံတော်စာအုပ် စွယ်တော်စာပေတိုက်

 

ကျွန်တော် ဒီစာအုပ်ကို ဘာသာပြန်ဖြစ်ခဲ့တာကတော့ ကိုယ်ဝါသနာပါတဲ့ အကြောင်းအရာလည်းဖြစ်တယ်။ စာဖတ်ပရိသတ်တွေ သိသင့်သိထိုက်တဲ့အကြောင်းအရာ လည်းဖြစ်တယ်။ ဘာသာပြန်ရင်တော့ ကောင်းမယ်ဆိုပြီး ရေးဖြစ်ခဲ့တာပါ။ ၂ဝဝ၃ ခုနှစ်လောက်ကတည်းက ဒီစာအုပ်ကိုဖတ်ဖူးခဲ့တာပါ။ မူရင်းစာအုပ်ကိုက ဖတ်လို့လည်း ကောင်းတယ်။ စာအုပ်ထဲက အကြောင်းအရာတွေကလည်း ဗဟုသုတဖြစ်စေတယ်ဆိုတာ တွေ့ရှိရတယ်။ ဆေးကျမ်းကြီးတစ်ကျမ်းလို ရေးထားတာမျိုးမဟုတ်ဘဲ ခရီးသွားစာပေသဘောမျိုးဆန်တယ်။ စိတ်ဝင်စား သဘောကျမိတာကြောင့် ဘာသာပြန်ဆိုရေးသားဖြစ်ခဲ့တာဖြစ်ပြီး ဆုတွေဘာတွေ မှန်းထားတာမျိုးမရှိပါဘူး။ ကိုယ်နှစ်သက်လို့ ရေးဖြစ်ခဲ့တဲ့စာအုပ်တစ်အုပ်ပါ။ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီက အခုလိုစိစစ်ရွေးချယ်ခဲ့တဲ့အတွက် ဝမ်းလည်းဝမ်းသာမိသလို အံ့လည်း အံ့ဩမိပါတယ်။ အသိအမှတ်ပြုရွေးချယ်တဲ့ အတွက် ဝမ်းသာမိသလို မထင်မှတ်ထားဘဲရခဲ့တာဆိုတော့ အံ့ဩရတာပေါ့။

 

အခုဆုရတဲ့စာအုပ်အတွက် ပြင်ဆင်ချိန်ကိုပြောရမယ်ဆိုရင် အချိန်ယူလုပ်ဆောင်ခဲ့ရပါတယ်။ မူရင်းစာအုပ်ထဲမှာ ပါတဲ့အကြောင်းအရာတွေက ကျွန်တော်နဲ့ရင်းနှီး ကျွမ်းဝင်မှုမရှိဘဲ အတော်ကိုစိမ်းနေပါတယ်။ ကျွန်တော်က အတွေးအခေါ်၊ စိတ်ပညာစတာတွေကို အားသာတဲ့အတွက်ကြောင့် ဆေးပညာဆိုတော့ အခက်အခဲတွေရှိခဲ့တယ်။ ဒါပေမယ့် ကိုယ်ကဖြစ်အောင်လုပ်ချင်တာဆိုတော့ အတော်ကို ကြိုးစားခဲ့ရပါတယ်။ ဆေးပညာနဲ့ ပတ်သက်တဲ့ စာအုပ်တွေဖတ်ရတယ်။ အသုံးအနှုန်းတွေသိရဖို့အတွက် အွန်လိုင်းကနေလည်း လေ့လာရပါတယ်။ တိုင်းရင်းဆေး အဘိဓာန်ထဲက စကားလုံးအသုံးအနှုန်းတွေကိုလည်း ရှာဖွေလေ့လာခဲ့ရတယ်။ ပြင်ဆင်ချိန်ရော၊ ပြန်ဆိုရေးသား ချိန်ရောဆိုရင် စုစုပေါင်း တစ်နှစ်ခွဲလောက်ကြာပါတယ်။ အလွယ်တကူပြန်ဆိုလိုက်မယ်ဆိုရင်တော့ အခက်အခဲ သိပ်မရှိနိုင်ဘူး။ ဒါပေမယ့် မူရင်းစာရေးဆရာရဲ့ အာဘော်လည်းမိအောင်၊ အကြောင်းအရာနဲ့ပတ်သက်ပြီး အမှားအယွင်းမရှိအောင်၊ စကားလုံးတွေလည်း မကျန်အောင် ဂရုစိုက်ပြီး ကြိုးစားလုပ်ဆောင်ခဲ့ရပါတယ်။

 

စာပေလမ်းခရီးကိုပြောရရင် ငယ်ငယ်ကတည်းက စာဖတ်တာဝါသနာပါခဲ့တယ်။ စာအုပ်ထုတ်ဝေမှုအနေနဲ့က ၂ဝ၁၄ ခုနှစ်မှာ တစ်အုပ်၊ ၂ဝ၁၅ ခုနှစ်မှာ တစ်အုပ်၊ အခုဆုရတဲ့ စာအုပ်က ၂ဝ၁၆ ခုနှစ်မှာ ထုတ်မလို့ရည်ရွယ်ထားတာ။ အချိန်ယူလုပ်ဆောင်ခဲ့ရတဲ့အတွက်ကြောင့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလကျမှ ထုတ်ဖြစ်ခဲ့တာပါ။ လောလောဆယ်ကာလအထိတော့ သုံးအုပ်ထုတ်ပြီးပါပြီ။ လာမယ့် ဒီဇင်ဘာလထဲမှာ တစ်အုပ်ထပ်ထွက်ဖို့ရှိပါတယ်။

 

လူငယ်တွေအနေနဲ့ ဘာသာပြန်ကို စိတ်ဝင်စားကြတယ်ဆိုရင် လမ်းညွှန်မှုပြုချင်တာက ကိုယ်ဘာသာပြန်မယ့် Source Language (အင်္ဂလိပ်၊ ပြင်သစ်စသည်)ကို သေသေချာချာ နိုင်နင်းကျွမ်းကျင်ဖို့ လိုတယ်။ အီဒီယမ်တွေ၊ ဒေသိယစကားလုံးတွေကအစ သိထားဖို့လိုအပ်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်လေ့လာထားဖို့လိုတယ်လို့ ပြောချင်တာပါ။ အဲဒီလိုမှမဟုတ်ရင် အမှားတွေနဲ့ ရင်ဆိုင် ရတတ်ပါတယ်။ နောက်တစ်ခုက ကိုယ်ပြန်ဆိုမယ့် Target Language (မြန်မာစာ)ဖြစ်ပါတယ်။ မြန်မာဘာသာဆိုတာ မိခင်ဘာသာစကားဖြစ်သော်ငြားလည်း သိမ်မွေ့နက်နဲပြီး တန်ဖိုးရှိပါတယ်။ စကားလုံး သုံးစွဲတဲ့အခါမှာ ရှေးရှေးက ဆရာကြီးတွေရဲ့ ရေးသားမှုတွေကို လေ့လာဖို့လိုပါတယ်။ ဒါမှသာ တိတိပပဘာသာပြန်ဆိုရေးသားနိုင်မှာပါ။

 

နောက်ပြီးအကြောင်းအရာကိုလည်း ရင်းနှီးကျွမ်းဝင် ထားဖို့လိုပါတယ်။ ဥပမာ စိတ်ပညာအကြောင်းကို ဘာသာပြန်မယ်ဆိုရင် စိတ်ပညာဆိုတာ ဘာလဲလို့သိရှိအောင် လုပ်ထားရပါမယ်။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် အင်္ဂလိပ်စာတတ်တိုင်းလည်း ဘာသာပြန်ဆိုနိုင်ဖို့ မလွယ်ပါဘူး။ နောက်တစ်ခုက မူရင်းစာရေးဆရာရဲ့ အာဘော် မပျောက်ဖို့ အထူးဂရုစိုက်ရပါမယ်။ သူဘာပြောချင်တာလဲ၊ စာဖတ်ပရိသတ်ကို ဘာတွေပေးချင်တာလဲဆိုတာ ပျောက်မသွားအောင် ကြိုးစားပြီးပြန်ဆိုဖို့လိုပါတယ်။ တခြားသော ဘာသာပြန်ဆရာတွေရဲ့အမြင်နဲ့ ကျွန်တော့်ရဲ့ အမြင်တို့ ကွဲပြားကောင်းကွဲပြားနိုင်ပါတယ်။ ဒါပေမယ့် စာရေးသူက အီတလီခေါက်ဆွဲကို ထင်ပေါ်စေချင်လို့ ရေးထားတာကိုတော့ နန်းကြီးသုပ်လို့ မရေးသင့်ဘူးလို့ ကျွန်တော်ကတော့ ယူဆပါတယ်။ မူလအဓိပ္ပာယ်ဆိုလိုရင်း ပျောက်သွားစေပါတယ်။ နောက်ပြီး ဘာသာပြန်ဆိုတဲ့နေရာမှာ စေတနာပါဖို့လိုသလို ကြိုးစားအားထုတ်မှုကလည်း အထူးတလည်လိုအပ်တယ်လို့ လူငယ်တွေကို အကြံပြုလိုပါတယ်။

 

လူငယ်တွေအနေနဲ့ မျက်စိဖွင့်ထားပါ။ စာများများ ဖတ်ပါ။ ဘာသာစကားတွေကို ကျွမ်းကျင်တတ်မြောက် အောင်လုပ်ပါ။ ကိုယ့်ရဲ့လုပ်ဆောင်ချက်ပေါ်မှာ စေတနာထားပါ၊ ကြိုးစားပါ၊ ရိုးသားပါ၊ တန်ဖိုးထားပါလို့ အကြံပြု လိုပါတယ်။ တကယ်တော့ ဘာသာပြန်သူ တစ်ယောက်ရဲ့ တာဝန်က အတော်ကိုကြီးလေးပါတယ်။ ကိုယ်ရဲ့ လွဲမှားတဲ့ ရေးသားပြန်ဆိုမှုကြောင့် စာဖတ်သူတွေ အသိမှား၊ အမြင်မှားတွေဖြစ်စေရင်မကောင်းပါဘူး။ ဘာသာပြန်လုပ်ငန်း ဆိုတာက ပြင်ပကမ္ဘာကြီးကိုကြည့်လို့ရတဲ့ ပြတင်းပေါက်ပဲ ဖြစ်ပါတယ်။ ယနေ့ခေတ် ပညာလူ့အဖွဲ့အစည်းကြီးမှာ ဘာသာပြန်လုပ်ငန်းဟာလည်း တစ်ထောင့်တစ်နေရာက ပါဝင်လျက်ရှိနေပါတယ်။

 

ကျွန်တော့်ရဲ့စာပေရှေ့ခရီးနဲ့ပတ်သက်ပြီး ပြောရရင် သာသာပြန်သက်သက်ကြီးသာ ရေးသားတာမျိုးမဟုတ်ဘဲ သုတေသနတွေ၊ ကိုယ်တိုင်ရေးတွေ၊ သူများမရေးရသေးတဲ့ အကြောင်းအရာသစ်တွေ၊ သူများရေးပြီးသားတွေကိုလည်း အမြင်သစ်၊ ရှုထောင့်သစ်၊ အတွေးသစ်တွေပေးနိုင်အောင် ရေးသားသွားဖို့ရှိပါတယ်။ အဓိကရေးချင်တာတွေကတော့ အရှေ့တိုင်းယဉ်ကျေးမှုတွေ(တိဗက်၊ မဟာယန၊ ထေရဝါဒ)၊ သမိုင်းကြောင်းတွေကို သုတေသနပြုပြီးရေးပါမယ်။ အနောက်တိုင်းဆိုင်ရာ ဒဿနတွေ၊ လူသိများ ထင်ရှားတဲ့ လေးစားရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အတ္ထုပ္ပတ္တိတွေ ရေးသားသွားဖို့ ရှိပါတယ်။

 

စာရေးဆရာမ စံပယ်ဖြူနု(ကလေးစာပေဆု)

ပါလေရာအယ်နီစာအုပ်(ကံ့ကော်ဝတ်ရည်စာပေတိုက်)

 

ဒီစာအုပ်ကိုရေးဖြစ်တဲ့အကြောင်းကိုပြောရရင် နိုဗယ် စာပေပွဲတော်မှာ ကလေးစာပေအတွက် လုပ်ကြတဲ့အခါ ကျွန်မရဲ့အစ်မတွေနဲ့အတူ စာရေးဆရာတွေ၊ ထုတ်ဝေသူတွေလည်း ပါတယ်။ သူတို့က သဝေထိုးဖတ်စာ စာအုပ် ထုတ်ကြမယ်ဆိုပြီး လုပ်ကြတယ်။ စုစုပေါင်းငါးယောက် ဆိုတော့ တစ်ယောက်နှစ်ပုဒ်နှုန်းနဲ့ အားလုံး ၁ဝ ပုဒ် တစ်အုပ်ထုတ်မယ်ဆိုပြီးတော့၊ အဲဒီမှာ ဝတ္ထုတိုနှစ်ပုဒ်ရေးရမယ်ဆိုတော့ စဉ်းစားကြည့်တယ်။ ဇာတ်ကောင်တစ်ကောင် တည်းထားပြီးရေးတာ ပိုအဆင်ပြေမယ်ဆိုပြီး တွေးမိတယ်။ အဲဒါနဲ့ရေးပြီး ထုတ်ဝေသူကိုသွားပြတော့ ဒီလိုဇာတ်ကောင် မျိုးထပ်ပြီးရေးသင့်တယ်လို့ အကြံပြုပါတယ်။ အဲဒီလိုနဲ့ပဲ အယ်နီဆိုတဲ့ဇာတ်ကောင်ကို စပြီးရေးဖြစ်ခဲ့တာပါ။ ပါလေရာအယ်နီရဲ့ရှေ့ကစာအုပ်ပေါ့။

 

အဲဒီစာအုပ်ထုတ်တဲ့အချိန်မှာ အများကြီးမျှော်လင့် မထားပါဘူး။ စာဖတ်ပရိသတ် ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်မယ်ပေါ့။ တကယ်လည်းစာအုပ်ထွက်လာတဲ့ အချိန်ကျတော့ ကိုယ်ရည်ရွယ်ထားတဲ့ (၈ ၊ ၉)နှစ် အရွယ် ကလေးတွေအပြင် ဆယ်ကျော်သက်တွေရော၊ နှစ်ဆယ်ကျော်တွေရော၊ လူငယ်တွေရော၊ တချို့ဆိုရင် ကလေးတွေ ရဲ့မိဘတွေကပါ ဖတ်ပြီးတော့ လက်ခံကြတာတွေ့ရတယ်။ သူတို့က အယ်နီဇာတ်ကောင် ဆက်ရေးပါဦးလို့ အကြံပြု လာကြတော့ ဆက်ရေးဖြစ်ခဲ့တာပါ။

 

အမျိုးသားစာပေဆုရွေးချယ်ခံရတာနဲ့ပတ်သက်ပြီးပြောရရင် ဆုရမယ်လို့ လုံးဝကို မထင်ထားဘူး။ ၂ဝ၁၇ ခုနှစ်မှာက ဒီစာအုပ်တစ်အုပ်ပဲထွက်ဖြစ်ခဲ့တယ်။ ဆုကို ရည်မှန်းပြီး ဖန်တီးခဲ့တာမဟုတ်တော့ တကယ်တမ်းရတဲ့ အခါ အံ့ဩဝမ်းသာဖြစ်ရပါတယ်။ နောက်ပြီး သမီးလေး မွေးတဲ့နှစ်လည်းဖြစ်၊ ရတဲ့ဆုကလည်း ကလေးစာပေဆု ဆိုတော့ အမှတ်တရနှစ်လို့ပဲ ပြောရမှာပါ။

 

ကလေးစာပေနဲ့ပတ်သက်ပြီးပြောရရင် အခုခေတ် အခြေအနေက ကလေးတွေ လက်လှမ်းမီတဲ့၊ စိတ်ဝင်စားတဲ့ စာပေတွေလိုအပ်ပါတယ်။ အဓိကကတော့ စာစဖတ်တဲ့ အရွယ်မှာ စာချည်းသက်သက်ထက်ရုပ်ပြတွေက အရေးပါ တယ်လို့ပြောချင်ပါတယ်။ အဲဒီအပိုင်းမှာ လိုအပ်ချက် တွေရှိနေတယ်လို့မြင်တယ်။ လက်ရှိမှာ အဲဒီလိုမျိုးစာပေတွေ ထွက်ရှိနေတယ်ဆိုပေမယ့် ကလေးတိုင်းနဲ့ လက်လှမ်းမမီသေးတာ တွေ့ရပါတယ်။ နောက်တစ်ခုက ကျောင်းစနေတဲ့ သူငယ်တန်း၊ တစ်တန်းအရွယ်ကတည်းက ကလေးတွေဟာ ကျောင်း၊ ကျူရှင် စတာတွေနဲ့ လုံးပန်းနေရတယ်။ အဲဒါ ကြောင့် အပြင်စာဖတ်ချိန် နည်းနေသလားလို့ မြင်မိပါတယ်။ စိတ်လည်းပူမိပါတယ်။

 

စာပေရှေ့ခရီးကိုပြောရမယ်ဆိုရင် လောလောဆယ်တော့ ဝတ္ထုတိုနဲ့ ဝတ္ထုရှည်ကတော့ ပုံမှန်ရေးနေပါတယ်။ ကလေးစာပေဖြစ်တဲ့ အယ်နီကတော့ ရေးလက်စဖြစ်နေပြီး ကိုယ် ကိုယ်တိုင်ကလည်း အဲဒီဇာတ်ကောင်ကို သံယောဇဉ် ဖြစ်မိပါတယ်။ စာဖတ်သူဘက်ကလည်း အယ်နီဆက်ရေး ပါလားဆိုပြီး တောင်းဆိုနေတော့ လောလောဆယ် အယ်နီပါတဲ့ ဝတ္ထုရှည်တစ်ခု စွန့်စားခန်းလိုဟာမျိုးရေးနေပါတယ်။ နောက်နှစ်ဆိုရင်တော့ လုံးချင်းတွေ ရေးဖို့ရှိပါတယ်။

 

အယ်နီစထွက်တော့ သိပ်မျှော်လင့်မထားရဲဘူး။ စာကလည်းများတယ်။ ဖြစ်နိုင်ရင်တော့ စာနဲ့ ရုပ်ပုံတွဲပြီး ထုတ်တာမျိုးက ပိုကောင်းတာပေါ့။ အခြေအနေအရပ်ရပ်ကြောင့် မလုပ်ဖြစ်ခဲ့တာပါ။ စာများတော့ ဖတ်မှဖတ်ကြပါ့ မလားဆိုပြီး စိတ်ပူမိတယ်။ ဒါပေမယ့် တချို့တစ်တန်း အရွယ်ကလေးတွေဆို သူတို့အမေတွေက ဖတ်ပြတယ်။ အဲဒီလိုမျိုး လူကြီးကဖတ်ပြတာရှိသလို ကလေးတွေ ကိုယ်တိုင်လည်း ဖတ်ကြတာလည်းရှိတယ်။ အဲဒီလိုကြားရ တော့ တော်တော်လေး ဝမ်းသာပီတိဖြစ်မိတယ်။ ကိုယ့်ရဲ့ စာအုပ်ကို ကလေးတွေဖတ်ကြတယ်ဆိုတာ သိရတဲ့ပီတိက ဘာနဲ့မှမတူပါဘူး။ နောက်ထပ်ရေးဖြစ်အောင် တွန်းအား ပေးတဲ့သဘောမျိုးလည်း သက်ရောက်စေပါတယ်။ ကျောင်းစာတွေနဲ့ လုံးပန်းနေရတဲ့ကြားထဲက ဖတ်ကြတဲ့ ကလေးတွေရော ဖတ်ဖြစ်အောင်အထောက်အပံ့ပြုပေးတဲ့ မိဘတွေကိုပါ ကျေးဇူးတင်ပါတယ်။ 

 

တွေ့ဆုံမေးမြန်း-ရာမည(ကြေးမုံ)