မာလာရှမ်းကောတွေ များပြားလာပေမယ့် admin ရဲ့ မာလာရှမ်းကော ကြိုက်တဲ့ စိတ်ကိုမတားဆီးနိုင်တာနဲ့ အသစ်အသစ်သော ဆိုင်တွေကို ရှာဖွေကြည့်မိခဲ့ပါတယ်။ Facebook Newsfeed မှာ တွေ့လိုက်တာကြောင့် အရောက်သွားဖြစ်ခဲ့တဲ့ ဆိုင်ကတော့ JO JO Hot Pot မှာ မာလာရှမ်းကောရပြီ ဆိုတာပါပဲ။ ဟော့ပေါ့မှာ နာမည်ရညပီးသား ဆိုင်လည်းဖြစ် မာလာရှမ်းကောလည်း ရတာကို စိတ်ဝင်စားတာကြောင့် MyLann team အရောက်သွားတော့ သတင်းကောင်းက စောင့်မျှော်နေပြန်ရောကွယ်။ ဒီလကုန်အထိ မာလာရှမ်းကောကို 20% DISCOUNT ရှိပါတယ်တဲ့ရှင်။ ရောက်ခဲ့တာကတော့ Junction 8 က Branch ပါ။

 

 

Junction 8 ဒုတိယထပ်မှာရှိတဲ့ JO JO Hot pot ဆိုင်ထဲကို စဝင်လိုက်တာနဲ့ ဆိတ်ငြိမ်ကျယ်ဝန်းတဲ့ ဆိုင်အနေအထားကို စတွေ့ရပါတယ်။

 

ဆုံးဖြတ်ထားတဲ့အတိုင်း ဒီတခေါက်တော့ မာလာရှမ်းကောကို မြည်းစမ်းကြည့်မယ်ဆိုပြီး အသားတွေ၊ အသီးအရွက်တွေကို ထုံးစံအတိုင်း လိုက်စပ်စုကြည့်တာပေါ့။ အသားနှင့် အသီးအရွက် အမျိုးပေါင်း (၇၀) ကျော်ရှိတဲ့ အထဲကမှ ရွေးယူဖြစ်ခဲ့တာတွေကတော့ ပုစွန်ဥလုံး၊ ချိစ်အသားလုံး၊ ချိစ်ကြက်အူချောင်းနှင့် အသားနှပ်တွေပဲဖြစ်ပါတယ်။ ဝက်သားလုံးတို့၊ အဏ္ဏဝါလုံးတို့ ကတော့ ပြောစရာမလိုအောင် တခြားဆိုင်တွေနဲ့ မတူတဲ့ အရသာတွေဖြစ်တဲ့ အတွက်လည်း ရွေးချယ်ဖြစ်ခဲ့ ပါသေးတယ်။ အသားနှပ်... အသားနှပ်ကိုမှ အချို၊ အစပ်၊ original ဆိုပြီး (၃) မျိုးရှိတယ်။ ဟော့ပေါ့စားတုန်းက အရမ်းကြိုက်ခဲ့တာကြောင့် ဒီတခါလည်း မပါမဖြစ်ကို ရွေးခဲ့ပါသေးတယ်။ လတ်ဆတ်တဲ့ အသီးအရွက်တွေကလည်း အသီးအရွက်ကြိုက်တဲ့ admin ကိုဆွဲဆောင်လို့ နေပြန်ပါတယ်။

 

 

ကဲ.. အားလုံးရွေးပြီး သူတို့ချိန်ပြီးတော့ အရည်ရယ်၊ အခြောက်ရယ် ဘာနဲ့စားမလဲဆိုတော့ အရည်နည်းနည်းနဲ့ ရွေးခဲ့ပြီး အထုံရယ် အစပ်ရယ်ကို ရော မထားတာကြောင့် အထုံကို မထည့်ခိုင်းခဲ့ပါဘူး။ အစပ်မှာလည်း အစပ်လုံးဝမပါတာရယ်၊ ပုံမှန်ရယ်၊ အစပ်ပါတာရယ်၊ အရမ်းစပ်တာရယ်ဆိုပြီး မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်လို့ရပါတယ်။ ကြော်ခလည်း လုံးဝ မယူလို့ ပိုအဆင်ပြေတာပေါ့နော်။

 

 

အားလုံးပြီးလို့ မှာထားတာ ရောက်လာတော့ ပုံမှာမြင်တဲ့အတိုင်းပဲ လုံးဝအဆီတွေ များမနေပါဘူး။ စမြည်းကြည့်တော့ မှန်းထားတာထက်ကို ကောင်းတဲ့အရသာကို ခံစားခဲ့ရပါတယ်။ အစပ်လုံးဝမပါတာကို စားခဲ့ပေမယ့် အီမနေဘူး။ Meat balls တွေရဲ့ အရသာက စိမ့်နေတာပဲ။ နှပ်ထားတဲ့ အသားတွေကလည်း ချိုပြီး လတ်ဆတ်နေတာပဲ။ အသီးအရွက်တွေကလည်း တော်တော်အရသာရှိတယ်။ စားကောင်းကောင်းနဲ့ စားရင်း MyLann team ကတော့ စကားပြောဖို့တောင် မေ့နေခဲ့ပါတယ်။ အားလုံးပြီးတော့ ဟော့ပေါ့အတွက်ပဲပေးတဲ့ လီမွန်တီး အေးအေးလေးလာပေးတော့ ရင်ထဲအေးသွားတာပဲ ဟိဟိ (ကျေးဇူးတင်ပါတယ် JO JO)

 

 

တလက်စတည်း ဟော့ပေါ့အကြောင်းလေးပါ Information ပေးမယ်နော်။ JO JO မှာ ဟော့ပေါ့ဟင်းရည်ကို အချို၊ မာလာ၊ တုန်ယမ်း၊ မီဆိုနှင့် ခရမ်းချဉ်သီးဆိုပြီး (၅) မျိုးရနိုင်ပြီးတော့ JO JO ရဲ့ နာမည်ကြီးတွေဖြစ်တဲ့ JO JO Homemade meat balls တွေနှင့် ပုစွန်ချောင်း၊ ပိန်းဥထမင်း တို့ကတော့ Admin တို့ သွားစားတိုင်း အမြဲမှာနေကျပဲ။ ဟင်းရည်ဖိုးလည်း သက်သက်မယူထားပဲ တစ်မူထူးခြားတဲ့ အရသာတွေနဲ့ ဆွဲဆောင်နေပါတယ်။

 

 

JO JO ကတော့ ဟော့ပေါ့စားရင် မာလာရှမ်းကောပါ မြည်းစမ်းချင်တဲ့သူတွေ အတွက်တော့ လုံးဝအံကိုက်ပဲ။ သြော် ဒါနဲ့.. JO JO ရဲ့ မာလာရှမ်းကောရနိုင်တဲ့ ဆိုင်ခွဲတွေကတော့
No.23-A နဝဒေးလမ်း၊ ဒဂုံမြို့နယ်။ ( ဒဂုံ.၁ ကျောင်း မျက်စောင်းထိုး) -Opening hr : 11am to 10pm နှင့် 
Junction 8 shopping center (2nd floor) -Opening hr : 10am to 9pm တို့ပဲ ဖြစ်ပါတယ်။ 

 

နောက်ဆုံး အနေနဲ့ကတော့ ပရိုမိုးရှင်းရှိတုန်းလေး မြန်မြန်သွားစားသင့်တယ်လို့ လက်တို့ပြောလိုက်ပါရစေ။

 

Myo (MyLann)

 

#MyLann #Online_Restaurant_Directory #Online_Food_Guide #Food_Review #Foodie_Myanmar #Mala_Shan_Kaw #JoJo_Hotpot