နေပြည်တော် ၁၇ ဇန်နဝါရီ
ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရခိုင်ပြည်နယ် တိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေရာချထားရေး နှင့်စပ်လျဉ်း၍ လတ်တလော စားဝတ်နေ ရေးပြေလည်အောင် ထောက်ပံ့မှုများတွင် မှန်ကန်သော စာရင်းဇယားများအတိုင်း ထောက်ပံ့နိုင် ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ယာယီတဲ များနှင့် ယင်လုံအိမ်သာများ အသုံးပြုနိုင်ရေး၊ ရွေ့လျားကျန်းမာရေးဝန်ဆောင်မှု ဆေးခန်း စီစဉ် ဆောင်ရွက်ရေး၊ ပညာဆက်လက်သင်ကြားနိုင်ရန်အတွက် စီမံဆောင်ရွက်ပေးရေး၊ တိုက်ပွဲရှောင် စခန်းများတွင် လုံခြုံရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပျောက်ဆုံး သွားသော မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ အမြန်ဆုံးပြန်လည်ရရှိအောင် စိစစ်ဆောင် ရွက်ပေးရေး၊ တိုက်ပွဲရှောင်စခန်းများတွင် ယာယီစာဖတ်ခန်းများ ဖွင့်လှစ်ရေး၊ လိုအပ်သော စားနပ်ရိက္ခာများကို စနစ်တကျထောက်ပံ့ပေးရေးနှင့် စခန်းများတွင် စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့ကို စနစ်တကျဖွဲ့စည်းပြီး ပြည်နယ်အစိုးရမှ တာဝန်ယူညှိနှိုင်းဆောင်ရွက်ရေး တို့ကို ဆွေးနွေး ပြောကြားသည်။
ဆွေးနွေးမှုများအပေါ် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ကော်မတီအဖွဲ့ဝင်များက ကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးသည်။
(သတင်းစဉ်)