ညောင်ဦး ၁၈ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ကြီးမှူးဖွင့်လှစ်သည့် ကလေးသူငယ်အခွင့်အရေးနှင့် အကျိုးစီးပွား ဦးစားပေးသည့် တရားစီရင်ရေးဆိုင်ရာ ရဲလုပ်ထုံးလုပ်နည်းနှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးနေလင်းက ယခုသင်တန်းမှ လေ့လာသင်ယူခဲ့ရသော သင်ခန်းစာများကို မှတ်သားလိုက်နာကာ ကလေးသူငယ်မှုခင်းများနှင့် ကျား/မ အကြမ်းဖက်မှု ဆိုင်ရာမှုခင်းများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်သွားကြစေလိုကြောင်းနှင့် ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်ဖြင့် ပြည်သူအားကိုးယုံကြည်သော ရဲတပ်ဖွဲ့ဝင်များဖြစ်လာစေရန် ကြိုးစားလုပ်ကိုင်သွားကြရန် ရှင်းလင်းဆွေးနွေး မှာကြားသည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေလင်း၊ မြို့မရဲစခန်းမှူးများ၊ နယ်မြေ ရဲကင်းစခန်းမှူးများ၊ ဌာနစိတ်တာဝန်ခံအရာရှိများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား တပ်ဖွဲ့ဝင် ၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)