၂၁ ဩဂုတ်
ထက်မြက်နိုင်ဇင်၏ ဇာတ်လမ်းကို ဆူးခတ်မင်းဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ သားညီ ရိုက်ကူးထားသည့် လူကြမ်းတစ်ယောက်၏ ဒိုင်ယာရီ ဇာတ်ကားကို ဩဂုတ် ၁၇ ရက်က ရုံတင်ပြသခဲ့သည်။ ယင်းဇာတ်ကားတွင် အလှမယ် ထားထက်ထက်က ပါဝင်သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်အလုပ်သည် သူ့အတွက် အခက်အခဲရှိနေကြောင်း မြန်မာ့အလင်း ပရိသတ်ကြီးသို့ ပြောကြားသည်။
“ဒီဇာတ်ကားလေးရိုက်တုန်းက ဝမ်းနည်းစရာတွေ၊ အခက်အခဲတွေ၊ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ အများကြီးဖြစ်ခဲ့တယ်။ ကန်တော့ပွဲပေးပြီး နောက်ရက် ဇာတ်ကားရိုက်မယ်ဆိုတော့ ကိုသားညီရဲ့ ဖခင် ဆုံးပါးသွားတယ်။ ရိုက်တဲ့အချိန်မှာ အားလုံးစိတ်မကောင်းဖြစ်နေကြတာ။ ငိုချင်တာတွေ၊ ဝမ်းနည်းတာတွေကို အသာဘေးချိတ်ပြီး အလုပ်အတွက်အားလုံး ကြိုးစားကြတာ။ ငိုတဲ့အခန်းလည်းရောက်ရော ကျွန်မကို ငိုတဲ့အကြောင်းပြောရင်း မျက်ရည်တွေဝဲလို့။ မကြာဘူး ကျွန်မအဖေ အရေးပေါ် ဆေးရုံတက်ရတယ်။ ဒါကြောင့် တော်တော်လေး ကသီလင်တလည်း ဖြစ်ခဲ့တယ်။ ပထမဆုံးရိုက်တဲ့ ဇာတ်ကားလည်းဖြစ်ပြီး ဇာတ်ဝင်ခန်းထဲမှာ အဖေကို ပြန်အော်တဲ့အခန်း ရိုက်နေတုန်း ပြင်ပက အဖေက ဆေးရုံပေါ်ရောက်နေချိန်၊ ဒါရိုက်တာရော၊ ဦးလူမင်းကရော တော်တော်လေး သင်ကြားပြသပေးခဲ့ပါတယ်။ အမှတ်တရတွေ အများကြီးပဲ။ ဇာတ်ကားရိုက်နေရင်း လူကြမ်းကိုစိုင်းရဲ့အမေ ဆုံးသွားတော့ သူကကားပေါ်မှာ တစ်ယောက်ထဲ သွားငိုနေတာသိမှ အမေဆုံးမှန်းသိကြပြီး အားလုံးစိတ်မကောင်း ဖြစ်ကြရတယ်။ အလုပ်အပေါ်မှာ စေတနာအပြည့်နဲ့၊ လေးစားမှုအပြည့်နဲ့ ခံစားချက်တွေကို ဖယ်ပြီးလုပ်ကြရတဲ့ သရုပ်ဆောင်တွေကို လေးစားမိသလို၊ စိတ်ထဲမှာလည်း ကိုယ့်လိုအပ်ချက်တွေကို မြင်မိတယ်”ဟု ထားထက်ထက်က
ပြောကြားသည်။
ပထမဆုံးဇာတ်ကားဖြစ်ခြင်းကြောင့် အမှားအယွင်းများ အားနည်းချက်များလည်း ရှိသဖြင့် ပရိသတ်ကြီးက နားလည်ခွင့်လွှတ်စေလိုကြောင်း ထားထက်ထက်က ပြောကြားသည်။
ကိုလင်း