mdn

၂၂ သြဂုတ်

 

Imagine Nation Production မှ ကိုမင်းမင်း စီစဉ်ပြီး ဇာတ်လမ်း၊ ဇာတ်òန်းနှင့် ဒါရိုက်တာ အဝေး ရိုက်ကူးမည့် “အရုပ်ကျရာ ဆေးစက်ထင်” ရုပ်ရှင်ဇာတ်ကားကြီးကို ယခုလ ၂၀ ရက်မှ စတင်ရိုက်ကူးကြောင်း သိရသည်။

 

ဒါရိုက်တာအဝေး

 

“ကျွန်တော်တို့ အမေရိကားမှာ အနေကြာပေမယ့် မြန်မာပြည်က ၁၀ တန်းအောင်ပြီးမှ သွားခဲ့တာပါ။ ဟိုမှာ ရောက်နေပေမယ့် ကျွန်တော်တို့က မြန်မာတစ်ယောက်လို့ပဲ ခံယူထားတယ်။ အခု ဒီကိုရောက်လာတဲ့အချိန်မှာ အသစ်တစ်ယောက်အနေနဲ့ ဂရုတစိုက်ကြိုးစားထားတယ်။ ပရိသတ်ကြိုက်မယ့် ဇာတ်ကားဆိုတာထက် မြန်မာ့ ရုပ်ရှင်ချစ်ပရိသတ် ဂုဏ်ယူစရာကောင်းမယ့် ဇာတ်ကားဖြစ်မှာပါ။ ဇာတ်လမ်းကဂီတနဲ့ ဇာတ်အိမ်ဖွဲ့ထားတယ်။ ဒိုးလုံးတို့ သီဆိုခဲ့တဲ့ သီချင်းလိုမျိုး ပါဝင်မှာဖြစ်သလို နာမည်ကြီးသီချင်းတွေနဲ့ ကျွန်တော် ကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းစုစုပေါင်း ၁၅ ပုဒ်ပါမယ်။ သရုပ်ဆောင် စုစုပေါင်း ၆၃ ယောက်ပါဝင်မှာပါ။ နှစ်နာရီစာ ဇာတ်လမ်းကို ကြည့်ရှုကြမယ့် ပရိ်သတ် မအိုင်သွားအောင် ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာ တည်ဆောက်ထားပါတယ်။”

 

ဒေါင်း

 

ဒါရိုက်တာအဝေးက သူ့ရဲ့ဇာတ်လမ်းလေးကို ပြောပြတယ်။ ဇာတ်လမ်းကြီး ဖြစ်လာတဲ့ချိန်မှာ ကျွန်တော်သဘောကျတာက ဂီတနဲ့ပတ်သတ်တဲ့ ဇာတ်လမ်းကြီးဖြစ်နေတော့ လက်ခံဖြစ်သွားတာ။ ဒီကားထဲမှာ လူငယ်တစ်ယောက်ပေါ့။ ကျွန်တော်တို့တွေ မြင်လေ့မြင်ထရှိတဲ့ လူငယ်တစ်ယောက်ပေါ့။ ကိုယ်လုပ် ချင်တဲ့အရာတွေ၊ ကိုယ်ဖြစ်ချင်တဲ့အရာတွေကို ကျွန်တော်တို့အပါအဝင်ပေါ့။ အဲ့အရာတွေကို ဘယ်လိုခံယူချက်တွေနဲ့ ပတ်သက်ရမယ်ဆိုတာပါ။ ဒီဇာတ်လမ်းမှာ စုပေါင်းပြီးတော့ အားလုံးရဲ့ ကာရိုက်တာတွေ စုစည်းထားတဲ့ ဇာတ်လမ်းမျိုးပေါ့။ အဲ့ဒီလိုမျိုးကို ကျွန်တော်သဘောကျတယ်။ အဲ့ဒီလို ဇာတ်ကားမျိုး ပိုရွေးချယ်ဖြစ်တယ်။

 

ပိုင်ဖြိုးသု

 

လက်ခံဖြစ်တာကတော့ ကိုအဝေးရဲ့ ကမ်းလှမ်းမှုကြောင့်ပါ။ ဒီဇာတ်လေးကို ဖတ်ကြည့်ချိန်မှာ ပုံမှန်မဟုတ်တဲ့ ကာရိုက်တာလေးဖြစ်လို့ စိတ်ဝင်စားတယ်။ ဒီဇာတ်ကားမှာ အင်စိုလွင်ဆိုတဲ့ ကောင်မလေးပေါ့။ သူက အသက် ၁၃ နှစ်အရွယ်လောက်တုန်းက အမေဖြစ်သူ ဆုံးသွားတယ်။ စင်ကာပူမှာကျောင်းတက်ဖို့ လွှတ်လိုက်တယ်။ အဖေကလည်း သင်္ဘောသားတစ်ယောက်ဆိုတော့ သူကလည်း သီချင်းတွေကိုပဲ အဖော်ပြုပြီး ကြီးလာတယ်။ သီချင်းနဲ့ ဂီတတွေကို အလွန်ချစ်တတ်တယ်။ ကျောင်းပြီးသွားချိန်မှာ ဂီတဂျာနယ်တစ်ခုမှာ သတင်းထောက် တစ်ယောက်အဖြစ် အလုပ်လုပ်တဲ့သူ နေရာကနေ သရုပ်ဆောင်ထားပါတယ်။ မြန်မာဇာတ်ကားတွေထဲမှာ ဂီတနဲ့ပတ်သက်တာ ခုနောက်ပိုင်း မရိုက်ဖြစ်တာကြာပြီ။ သီချင်းတွေလည်း တော်တော်များများ ကောင်းတာတွေနဲ့ ပြင်ဆင်ထားတယ်။ သီချင်းဟောင်းတွေထဲကပါသလို ဒီဇာတ်ကားအတွက် သီချင်းသီးသန့် စပ်ထားတာတွေ ရှိပါတယ်။ ရသအသစ်လေးတွေရမှာပါ။

 

အဆိုပါ ရုပ်ရှင်ကားကြီးတွင် မင်းမော်ကွန်း၊ ထွန်းထွန်း၊ ဒေါင်း၊မင်းဦး၊ နေအောင်၊ ဇင်ဝိုင်း၊ ပိုင်ဖြိုးသု၊ ထွန်းအိန္ဒြာဗိုလ်၊ ဖူးစုံ၊ အံ့မင်းညို၊ ထူးသာ၊ ဇော်ဝင်းနိုင် (မန်း)၊ ဟိန်းဇေနှင့် အနုပညာရှင်များစွာတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

ကိုလင်း