၂၂ သြဂုတ်
ဂျက်စတင်ဘီဘာနဲ့ ဟေးလေးဘော်ဝင်န်တို့ဟာ အချစ်တွေနဲ့အတူ သူတို့ နှစ်ဦးရဲ့ ဘဝခရီးကို ရှေ့ဆက်နေကြတာဖြစ်ပါတယ်။ လတ်တလောမှာတော့ အသက် ၂၁ နှစ်သာရှိသေးတဲ့ မော်ဒယ်လ်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်သူ ဟေးလေးဘော်ဝင်န်က သူ့ရဲ့အင်စတာဂရမ် စာမျက်နှာပေါ်မှာ သူတို့နှစ်ဦးရဲ့ ဓာတ်ပုံတစ်ပုံကို ဖော်ပြခဲ့ပါတယ်။ အဆိုပါဓာတ်ပုံရဲ့အောက်မှာတော့ အကောင်းဆုံးသူငယ်ချင်းဖြစ်ကြောင်း ရေးသားဖော်ပြခဲ့တာဖြစ်တယ်လို့ အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာနဲ့ ဟေးလေး ဘော်ဝင်န်တို့ဟာ ချစ်သူသက်တမ်း အချိန်တိုအတွင်းမှာပင် စေ့စပ်ခဲ့ကြတာ ဖြစ်ပြီး လတ်တလော ဟေးလေးဘော်ဝင်န်ဖော်ပြခဲ့တဲ့ ဓာတ်ပုံမှာ စေ့စပ် လက်စွပ်ကို ထင်ထင်ရှားရှားတွေ့မြင်နိုင်ကြောင်းလည်း သိရပါတယ်။
ဂျက်စတင်ဘီဘာက သရုပ်ဆောင်နဲ့ မော်ဒယ်လ်တစ်ဦးဖြစ်သူ ဟေးလေး ဟော်ဝင်န်ကို ဘဟားမားမှာ အလည်အပတ် ထွက်ခဲ့ကြစဉ် ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်က လက်ထပ်ခွင့် တောင်းဆိုလိုက်တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ချစ်သူ သက်တမ်း အချိန်တိုအတွင်း စေ့စပ်ခဲ့ကြပြီး လက်ထပ်ဖို့ပင် စဉ်းစားနေကြပြီ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ လတ်တလောမှာ လက်ထပ်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေကြကာ မင်္ဂလာပွဲကို လာမယ့်နှစ်အတွင်း အကျဉ်းချုံးပြုလုပ်သွားဖို့ရာ စီစဉ်ထားကြောင်း သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
အေးပြည့်