နေပြည်တော် ၃၀ ဒီဇင်ဘာ
ရှေးဟောင်းဝတ္ထုပစ္စည်းဆိုသည်မှာ မြေပေါ်တွင်ဖြစ်စေ၊ မြေအောက်တွင်ဖြစ်စေ၊ ရေပေါ်တွင်ဖြစ်စေ၊ ရေအောက်တွင်ဖြစ်စေ နှစ်ပေါင်း ၁၀ဝ နှင့်အထက် သက်တမ်းရှိသည့် ကျောက်ဖြစ်ရုပ်ကြွင်းများ အပါအဝင်လူသားတို့ ပြုလုပ်သုံးစွဲခဲ့သော အရာဝတ္ထုပစ္စည်းများကို ဆိုသည်ဟူ၍ ရှေးဟောင်း ဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေတွင် ဖွင့်ဆိုထားသည်။
ရှေးဟောင်းအဆောက်အအုံဆိုသည်မှာ မြေပေါ်တွင်ဖြစ်စေ၊ မြေအောက်တွင်ဖြစ်စေ၊ ရေပေါ်တွင် ဖြစ်စေ၊ ရေအောက်တွင်ဖြစ်စေ နှစ်ပေါင်း ၁၀ဝ နှင့်အထက် သက်တမ်းရှိသည့် ကျောက်ဖြစ်ရုပ်ကြွင်းများတွေ့ရှိရာ ဘူမိသဘာဝပတ်ဝန်းကျင်နေရာများအပါအဝင် လူသားတို့ နေထိုင်ပြုလုပ်သုံးစွဲတည်ဆောက်ခဲ့သည့် အဆောက်အအုံနေရာများကို ဆိုသည်ဟူ၍ ရှေးဟောင်း အဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေတွင် ဖွင့်ဆိုထားသည်။
အထက်တွင် ဖော်ပြခဲ့သည့် ဥပဒေနှစ်ရပ်တို့ကို ၂၀၁၅ ခုနှစ်အတွင်းက ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ရှေးဟောင်းဝတ္ထုပစ္စည်းများနှင့် ရှေးဟောင်း အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ပေးနိုင်ရေး၊ အဓွန့် ရှည်ကြာ တည်တံ့နိုင်ရေးတို့အတွက် ရည်ရွယ်ထားသော ဥပဒေများဖြစ် သည့်အလျောက် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပေါ်လွင်ပါက ထိရောက်သော ထောင်ဒဏ်၊ ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံး စသည်ဖြင့်လည်း ချမှတ်ရန်ထည့်သွင်းပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။ မိမိတို့နိုင်ငံ၏ သမိုင်းအတွက် အရေးပါသည့် အထောက်အထား ရှေးဟောင်းအမွေအနှစ် များစွာတို့မှာ စနစ်တကျ ရှာဖွေဖော်ထုတ် ထိန်းသိမ်းနိုင်ခြင်းမရှိသေးဘဲ ဒေသအနှံ့အပြားတွင် တည်ရှိနေသည်။ မြေပေါ်မြေအောက်၊ ရေပေါ် ရေအောက်၌ ပြန့်ကျဲတည်ရှိနေသော ရှေးဟောင်းဝတ္ထုပစ္စည်းများ၊ ရှေးဟောင်းအဆောက်အအုံများက နိုင်ငံ၏သမိုင်းကြောင်းကို ကွင်းဆက်မပြတ်စေရန် ဖြည့်ဆည်းပေးနိုင်မည့်၊ သမိုင်းအချက်အလက်များကို ခိုင်မာစေမည့် သက်သေအထောက်အထားများ ဖြစ်သည့်အလျောက် စနစ်တကျမဖော်ထုတ်နိုင်သေးသမျှ မပျက်စီးစေရန်၊ မပျောက်ဆုံးစေရန် ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းကြရမည်မှာ နိုင်ငံသားတိုင်း၏ တာဝန်ပင် ဖြစ်သည်။
မကြာသေးမီရက်ပိုင်းအတွင်းက သတင်းများတွင် ရှေးဟောင်း အဆောက်အအုံများနှင့် ရှေးဟောင်းဝတ္ထုပစ္စည်းများဖြစ်သည့် ပျူသင်္ချိုင်း နေရာများကို တူးဖော်ခံရခြင်း၊ ပျူခေတ်အသုံးအဆောင်ပစ္စည်းများကို ရှာဖွေရယူကာ မှောင်ခိုဈေးကွက်တွင် ရောင်းစားခြင်း၊ ရှေးခေတ် မြို့ဟောင်း ဧရိယာအတွင်း စက်ရုံများတည်ဆောက်ခြင်း၊ ကျောက်များ တူးဖော်ခြင်း၊ မိုင်းခွဲတောင်ဖြိုခြင်း စသည်တို့ကို ပြုလုပ်လျက်ရှိခြင်းကြောင့် ယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးဆုံးရှုံးမည့် အ္တရာယ်များဖြစ်ပေါ် နေခြင်းတို့ကို ဖတ်ရှုရသည်။ အဆိုပါသတင်းများအရ ဒေသခံပြည်သူများ၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်စောင့်ရှောက်ရန် ဗဟုသုတအားနည်းမှုအပြင် ဒေသဆိုင်ရာ အောက်ခြေအဆင့်မှ တာဝန်ရှိသူအသီးသီးတို့၏ ပေါ့လျော့မှု၊ တာဝန်မကျေပွန်မှုတို့ပါ ရှိနေသည်ဟု ယူဆရဖွယ်ရှိသည်။ မိမိတို့တွင် ဘတ်ဂျက်အင်အား၊ လူအင်အား နည်းပါးကြောင်း စသည့်အကြောင်းပြချက်များ၏ အောက်တွင် နိုင်ငံနှင့်လူမျိုးတို့အတွက် အရေးပါသည့် အရေးကြီးသည့် သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ် အထောက်အထားတို့ ပျက်စီး ဆုံးပါးရသည့် အဖြစ်မျိုးများ မဖြစ်ဖို့လိုသည်ဟူ၍လည်း ရှုမြင်မိသည်။
နိဂုံးချုပ်အားဖြင့်ဆိုရပါလျှင် ရှေးဟောင်းအဆောက်အအုံများနှင့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို မပျက်မစီးဘဲ ရေရှည်တည်တံ့အောင် ထိန်းသိမ်းရာတွင် လူတိုင်းပါဝင်ကြဖို့ပင်ဖြစ်သည်။ ရှေးဟောင်း အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ခြင်းသည် နိုင်ငံနှင့် လူမျိုး၏ အတိတ်သမိုင်းကို ထိန်းသိမ်းကာကွယ်ခြင်းပင် ဖြစ်သည်ဟူ၍ အမျိုးသားရေးအမြင်ဖြင့် ဆောင်ရွက်နိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း