နေပြည်တော် ၃၀ ဒီဇင်ဘာ

 

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ္မတနိုင်ငံတော် ပေါ်ထွက်လာသည့်အချိန်မှစ၍ အခြေခံဥပဒေအသက် ဝင်ပြီး ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခဲ့သည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်နှင့် အချုပ်အခြာအာဏာသည် ပြည်သူတို့၌ တည်လေသည်။ ပြည်သူတို့၌ တည်သည်ဆိုရာ၌ ပြည်သူတို့က ရွေးချယ်တင်မြှောက်ပေး လိုက်သော ပြည်သူ့ ကိုယ်စားလှယ်များက နိုင်ငံ့အရေးအရာကိစ္စရပ်များကို ပြည်သူတို့ကို ကိုယ်စားပြု၍ ဆောင်ရွက်ခြင်း ဖြစ်သည်။ 

 

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးကာလမှစ၍ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်သည် ဆိုသော်လည်း အကြောင်းအမျိုးမျိုးတို့ကြောင့် ဒီမိုကရေစီစနစ်သည် မြန်မာနိုင်ငံတွင် တစ်ခန်း ရပ်သွားခဲ့ရသည်။ ယင်းအချက်သည်ပင် မြန်မာနိုင်ငံသည် နိုင်ငံတကာတွင် နောက်ကျကျန်ရစ် ခဲ့ရသည့် အကြောင်းတစ်ချက်ဟု ဆိုရမည်ဖြစ်သည်။ ယခုအခါ နိုင်ငံနှင့် ပြည်သူကိုအကျိုးပြုမည့် ဒီမိုကရေစီစနစ်ကို စတင်ပုံဖော်ထုဆစ်လျက် ရှိသည်။ ဒီမိုကရေစီစနစ်ကို စတင်တက်လှမ်းစ ဖြစ်သည်။ 

 

ဒီမိုကရေစီစနစ်တွင် ဥပဒေပြုရေးမဏ္ဍိုင်သည် ဒီမိုကရေစီစနစ်ကို စတင်ပုံဖော်ကြရသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီကာလက နိုင်ငံ လွတ်လပ်ရေး၊ နိုင်ငံပြန်လည်ထူထောင်ရေး၊ နိုင်ငံတည်ဆောက် ရေး၊ နိုင်ငံအုပ်ချုပ်ရေးတို့အတွက် ဥပဒေပြုရေးကိစ္စအဝဝတို့ကို မြန်မာအမျိုးသား ကိုယ်စားလှယ်များ ပါဝင်သည့် တိုင်းပြုပြည်ပြုလွှတ်တော်တွင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ 

 

ဒီမိုကရေစီစနစ်ကို အသက်သွင်းပြီး ပြည်သူ့အခွင့်အရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ခဲ့သည်။ ဒီမိုကရေစီစနစ်တွင် နိုင်ငံ၏အခြေခံအုတ်မြစ်ဖြစ်သည့် လွှတ်တော်များ ခိုင်မာ အားကောင်းစေရန် လိုအပ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း အရည်အချင်း ပြည့်ဝနေရန် လိုအပ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆက်ဆံ ဆောင်ရွက်ကြရန် လိုအပ်သည်။ လွှတ်တော်အတွင်း ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်ကြ ရာတွင် ဒေသစွဲ၊ လူမျိုးစွဲ၊ ပါတီစွဲမထားဘဲ အများပြည်သူ အကျိုး၊ ပြည်ထောင်စုအကျိုး၊ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်ကြမည် ဟု ခံယူထားရမည် ဖြစ်သည်။ 

 

နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားဖြစ်ထွန်းစေမည့် မေးခွန်း များ၊ အဆိုများ၊ ဥပဒေပြုရေး၊ ပြင်ဆင်ရေးကိစ္စများကို မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းကမဆို ဆောင်ရွက်ရာတွင် ကြိုဆို ရမည်ဖြစ်သည်။ ဓမ္မဓိဋ္ဌာန်ကျကျ ဆွေးနွေးကြရမည်ဖြစ်သည်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန်အတွက် လိုအပ်သည့်ဥပဒေများနှင့် ပြင်ဆင်သင့်သည့်ဥပဒေများကို ပြင်ဆင် အတည်ပြုပြဋ္ဌာန်းနိုင်ရေးသည် ပြည်သူ့အကျိုးကိုရှေးရှုဆောင်ရွက်သည့် ပြည်သူ့ကိုယ်စားလှယ် များ၏ တာဝန်ပင် ဖြစ်သည်။ 

 

ကျင်းပပြီးသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် နိုင်ငံနှင့် ပြည်သူအကျိုးအတွက် ဆွေးနွေးခဲ့သည့် ဥပဒေကြမ်း ၂၆ ခုရှိပြီး ကိုးခုကို အတည်ပြုနိုင်ခဲ့သည်။ လွှတ်တော်များတွင် ဆောင်ရွက်ရန် ဥပဒေကြမ်းစုစုပေါင်း ၃၀ ရှိသေးသည်။ ပြည်ထောင်စု လွှတ်တော်တွင် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ ကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ အပါအဝင် ဥပဒေလေးခု ထုတ်ပြန်ပြဋ္ဌာန်းခဲ့သည်။ အခြား ဆောင်ရွက်ရန်၊ ဆောင်ရွက်ဆဲနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများစွာတို့ကို ဆွေးနွေးညှိနှိုင်း ဖော်ဆောင်နိုင်ခဲ့သည်။ 

 

သို့ဖြစ်ရာ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၏ အဓိကအသက်သွေးကြော ဖြစ်သည့် ဥပဒေပြုရေးမဏ္ဍိုင်မှ ပြည်သူ့ကိုယ်စားလှယ်များက နိုင်ငံနှင့် ပြည်သူအကျိုးရှိမည့် ဥပဒေများ၊ အရေးကိစ္စများကို ဆွေးနွေးညှိနှိုင်း အတည်ပြုကြရာတွင် တရားဥပဒေ၏ အခြေခံသဘောတရားဖြစ်သည့် တရားမျှတမှု၊ သာတူညီမျှရှိမှုနှင့် မွန်မြတ်သည့်စိတ်ထားများထားရှိ ဆောင်ရွက်ခြင်းဖြင့် လွတ်လပ်သော ဒီမိုကရေစီ နိုင်ငံ၏ တန်ဖိုးနှင့် အနှစ် သာရများနှင့် ဆီလျော်ကိုက်ညီသည်ဟု ယုံကြည်ပါသည်။ ။

 

ကြေးမုံ