mdn

၂၄ သြဂုတ်

 

" ခ" သုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေးမှာ ဦးစီးပြုလုပ်သည့် သရုပ်ဆောင်သစ် ရွေးချယ်ပွဲကို ယမန်နေ့  နံနက် (၉) နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကာဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး (ဗဟို) ခန်းမတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ ရွေးချယ်ပွဲတွင် အနုပညာဝါသနာရှင် ရွက်ပုန်းသီးလူငယ်(၃၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသား(၁၀) ဦး၊ အမျိုးသမီး(၂၀) တို့ဖြစ်ကြောင်း သိရသည်။

 

 

''ကျွန်တော်တို့ ခသုံးလုံး ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ သရုပ်ဆောင်သစ် ရွေးချယ်တယ်ဆိုပေမယ့် ခသုံးလုံး အတွက်တင်မကဘူး။ အနုပညာလောကအတွက် နိုင်တဲ့အားနဲ့ တစ်ထောင့်တစ်နေရာက ဖြည့်ဆည်း အားထုတ်တဲ့သဘောပါ။ လောလောဆယ် ယောက်ျားလေးတစ်ဦးနဲ့ မိန်းကလေးနှစ်ဦးတော့ ယာယီသတ်မှတ်ထားတယ်။ အရင် ကျွန်တော်တို့ အနေနဲ့ အနုပညာပျိုးခင်းဆိုပြီး သရုပ်ဆောင်တွေလည်း စင်တင်ပေးခဲ့တယ်။ ဒီဘက်ခေတ်မှာက ဗီဒီယိုဈေးကွက်လည်း မရှိတော့ဘူး။ ရုပ်ရှင်မှာလည်း နာမည်ရ သရုပ်ဆောင်တွေပဲ ရိုက်နေကြတယ်။ သရုပ်ဆောင်သစ် ဝင်ရောက်လာဖို့ အခက်အခဲတွေရှိတယ်။ ဒါကြောင့် သရုပ်ဆောင်သစ်တွေ လက်တွဲခေါ်တဲ့သဘောပါ။ သူတို့ ကြိုးစားအားထုတ်မှုအပေါ် မူတည်ပြီး ဇာတ်ဝင်ခန်းတွေမှာ ထည့်သွင်းသွားမှာပါ။ အခုကတော့ အဓိကဇာတ်ဆောင်နေရာကို ရွေးချယ်တာပါ'' ဟု ခသုံးလုံး ထုတ်လုပ်ရေးမှ အကယ်ဒမီ ခန့်စည်သူက ပြောဆိုသည်။

 

အဆိုပါ အခမ်းအနားတွင် အကဲဖြတ်ဒိုင်များအဖြစ် ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)၊ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်၊ အကယ်ဒမီ ခိုင်သင်းကြည်နှင့် နေခြည်ဦး (Beauty By Naychi) က ဆောင်ရွက်ခဲ့ကြသည်။ သြဂုတ်၂၄ ရက် နံနက် ၁၀ နာရီတွင် သရုပ်ဆောင်သစ်များ အပြီးသတ် ရွေးချယ်ခြင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုလင်း