၂၄ သြဂုတ်
မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) မှ ဦးစီးကျင်းပပြုလုပ်သည့် သဘင်သက်ကြီး ပူဇော်ပွဲ ပြုလုပ်ရန်အတွက် သဘင်ပညာရှင်များမှ ရန်ပုံငွေ ဘောလုံးပွဲအဖြစ် စက်တင်ဘာ (၁၅) ရက်နေ့တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ အောင်ဆန်းကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။
"အခုလို ရန်ပုံငွေ ဘောလုံးပွဲပြုလုပ်ဘို့ အကြောင်းဖန်လာတာကတော့ ကျွန်တော်တို့လည်း တစ်နေ့နေ့၊ တစ်ချိန်ချိန်ဒီလိုပဲ အိုမင်းရင့်ရော်လာမှာပဲ။ ဘယ်သူမှ ဒီအတိုင်း နုပျိုလန်းဆန်းနေမှာ မဟုတ်ဘူး။ တစ်ချိန်ကျရင် နောက်ကတတ်လာမယ့် ကလေးတွေရဲ့ကန်တော့တာ ဘာညာ ဒီလိုပဲသွားရမှာပဲ။ လုပ်ပေးနိုင်တဲ့အချိန်မှာ ကျွန်တော်တို့ထက် အသက်အား ဝါအား ကြီးတဲ့ပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ လုပ်ပေးဖို့ တာဝန်ရှိတယ်လို့ပဲ ကျွန်တော်တို့မြင်ပါတယ်။
ဒါကြောင့် သူတို့က အချိန်မရွေးခေါ်ရင် အချိန်မရွေး လုပ်ပေးရမှာပေါ့၊ ပြီးတော့ သဘင်သက်ကြီး ပုဂ္ဂိုလ်တွေက အများကြီးပဲလေ။ အဲဒီအပေါ်မှာ ငွေရေးကြေးရေး အခက်အခဲတော့ ရှိပါတယ်။ ဒါကြောင့် ဒီအခက်အခဲအတွက် အဘက်ဘက်ကနေပြီးတော့ ရန်ပုံငွေရှာပါတယ်။ တချို့ကျတော့လည်း တစ်ယောက်တည်း နိုင်သလောက်ပေးတဲ့ သူတွေလည်း ရှိပါတယ်" ဟု ဖိုက်စတား လူရွှင်တော်အဖွဲ့မှ ဦးကျင်ဝှက်က ပြောသည်။
အဆိုပါ ပွဲသည် ယခု အကြိမ်ပြုလုပ်လျှင် (၁၁) ကြိမ်မြောက် ရှိသွားပြီဟု သိရပြီး၊ ယင်းပွဲတွင် YRG ဘောလုံးအသင်းနှင့် လူရွှင်တော် FC ဘောလုံးအသင်းတို့ ပူပေါင်းပြီး လေ့ကျင့်ခန်းများအတူ ပြုလုပ်နေကြောင်း သိရသည်။
ကိုလင်း