ကော့သောင်း  ၁၈  ဇန်နဝါရီ 


ကော့သောင်းမြို့ ၊ ဆလုံကျွန်းပေါ်တွင်  Zochwell Myanmar Co,Ltd မှ ဆောက်လုပ်အကောင်အထည်ဖော်မည့် ဟိုတယ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် အလုပ်ရုံဆွေနွေးပွဲတစ်ရပ် ဇန်နဝါရီ ၁၇ ရက်နေ့မွန်းလွဲပိုင်းက Garden Hotel ခန်းမတွင်ပြုလုပ်သည်။


ဆွေးနွေးပွဲတွင်  ဟိုတယ်တည်ဆောက်ရေးစီမံကိန်း ၊ မန်နေဂျာ စင်ကာပူနိုင်ငံသား Mr. Garath Chin က တည်ဆောက်မည့် ဆလုံကျွန်းဟိုတယ်စီမံကိန်း၏ တည်ဆောက်မှုဆိုင်ရာ အစီအမံများအား အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စင်ကာပူ နိုင်ငံသား ဗိသုကာဒီဇိုင်းပညာရှင် Mr.Wongtukson က ခေတ်မီ နည်းပညာဖြင့် တည်ဆောက်မည့် ဟိုတယ်ဒီဇိုင်း ဖွဲ့စည်းပုံ အစီအမံများနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ပရိုဂျက်တာများဖြင့်ရှင်းလင်းဆွေးနွေးသည်။


ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ မြို့ခံပြည်သူများ ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများမှ ဟိုတယ်တည်ဆောက်မှုနှင့် စပ်လျဉ်း၍ မြေယာပိုင်ဆိုင်မှု၊ သဘာဝအလှအပများ ပျက်စီးယိုယွင်းမှု ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှု နှင့် ဒေသခံပြည်သူများ ရရှိလာမည့်အကျိုးကျေးဇူးများနှင့် စပ်လျဉ်း၍ သိလိုသည့်မေးမြန်းချက်များအား ဟိုတယ်စီမံကိန်း တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။


အဆိုပါ ဆလုံကျွန်းဟိုတယ်အား  ကော့သောင်းမြို့အနောက်ဘက် အက်ဒမန်ပင်လယ်အတွင်း ဆလုံကျွန်း ပေါ်ရှိပင်လယ်ကမ်းခြေ ၃၉ ဒသမ ဝ၆ ဧက အကျယ် မြေဧရိယာအတွင်း သစ်ပင်၊ ကျက်စားနေထိုင်သည့် ရေနေကုန်းနေသတ္တဝါ၊ ဂေဟစနစ် နှင့်သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေဘဲ အမေရိကန်ဒေါ်လာသန်း ၂၀ အကုန်အကျခံကာ ဟိုတယ်အဆောက်အဦအား တည်ဆောက်ရေးကာလ အချိန်ကုန်သက်သာစေမည့် ခေတ်မီ နည်းပညာဖြစ်သည့် နိုင်ငံခြားတွင်အသင့်တည်ဆောက်ပြီးသား(ကွန်တိန်နာသဏ္ဌာန်)  အခန်းဖွဲ့အဆောက်အဦများ အလုံးလိုက် သယ်ယူရွှေ့ပြောင်းလာကာ ဆက်စပ်တည်ဆောက်မည့် နည်းပညာဖြင့် Zochwell Myanmar Co,Ltd မှ အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလှမ်းအတွက် အလေးပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ကျော်စိုး (ကော့သောင်း)