mdn

၃၁ သြဂုတ်

 

မြန်မာရုပ်ရှင် လောက ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာရုပ်ရှင်လောက အဖွဲ့သားများ၏ ဦးဆောင်သူများမှ ရုပ်ရှင်ဇာတ်ကားကောင်များ ပိုမိုဖြစ်ထွန်းလာရေး စသည့်ရည်ရွယ်ချက်ဖြင့် မြန်မာရုပ်ရှင်အစည်းရုံး နှင့်အတူ ပူးပေါင်းပြီး ရိုက်ကူးပြီးရုံတင်ရန် ကျပ်တည်းနေသော ဇာတ်ကားများ၊ စနစ်တကျ ရုံတင်ပြသနိုင်ရန်အတွက် နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်နေသော်လည်း အုပ်စုစနစ် အဖြစ် သတ်မှတ်ပြသနေမှုအပေါ် အကယ်ဒမီ ဗေလုဝ အနေဖြင့် "အရမ်းကို စိတ်မကောင်းဖြစ်ရတယ်ဗျာ၊ ရုပ်ရှင်ဇာတ်ကားတွေ အနေနဲ့ဆို ကိုယ့်ကားကို ရဲရဲ ရုံမတင်ရဲသလောက် ဖြစ်နေကြတယ်၊ အခု ကျွန်တော် ပါဝင်ထားတဲ့ "နာနာဘာဝ ချစ်သူ" ဆိုတဲ့ ဇာတ်ကားလည်း သူဟာနဲ့သူ သရုပ်ဆောင်တွေကအစ အားကောင်းကြပါတယ်၊ ဒါပေမယ့် အခုဆို ရတဲ့ရုံက အရမ်းနည်းတယ်ဆိုတော့ အင်မတန် ဝမ်းနည်းစရာ ကောင်းပါတယ်၊ ဇာတ်ကားတွေ ရုံမတင်ရတာတွေ အများကြီး ကျန်နေသေးတယ်ဗျာ့၊ နှမျောဖို့ အင်မတန်ကောင်းတယ်၊ နာမည်ကြီး အနုပညာရှင်တွေ မပါရင် ပေးတဲ့ရုံက အရမ်းနည်းတယ်ဆိုတဲ့ စနစ်ဖြစ်နေတာ ဆိုတော့ တင်ခွင့်မရတာတွေရော၊ မတင်ဖြစ်တာတွေရော ရှိနေပါသေးတယ်"ဟု ဆိုသည်။

 

လက်ရှိ အချိန်အထိ ရုံတင် ဇာတ်ကားပေါင်း (၂၀ဝ) ကျော် နီးပါး ရုံတင်ရန်ကျန်ရှိနေသေးကြောင်း၊ ထိုကြောင့် ထုတ်လုပ်သူများ ဘက်မှာ စီးပွားအရ ကိုက်ညီမှုမရှိသောကြောင့် ထပ်မံရိုက်ကူးထုတ်လုပ်ရန်ပင် အားနည်းသွားသလို သရုပ်ဆောင်များ အနေဖြင့်လည်း သရုပ်ဆောင်မှုပိုင်းတွင် တစ်နှစ်နှင့်တစ်နှစ် ကွာခြားမှု ရှိသောကြောင့် ပရိသတ်များအတွက် ခံစားကြည့်ရူ့မှု အရသာ ပျက်သွားကြောင်း သိရသည်။

 

"၂၀၁၅ လောက်က ဇာတ်ကားကို ၂၀၁၈ လောက်မှ ပြရတယ်ဆိုတော့ စဉ်းစားသာကြည့်ပါတော့၊ အရင်ပုံစံမျိုးကိုပဲ ကျွန်တော် ပိုကြိုက်တယ်ရုပ်ရှင်ရုံ များတာမို့ ကိုယ့်အားကို စမ်းသပ်ကြတာမျိုး ဆိုတော့ ကြိုက်တယ် အခုတော့ ရုံကနည်းလာတဲ့အပြင် အချို့ဆို နယ်ရုပ်ရှင်ရုံတွေဆို ဂိုထောင်တွေတောင် ဖြစ်ကုန်ပြီး ဇာတ်ကားကို ရုံတင်စနစ်သစ်ကြောင့် ကိုက်ညီတာတွေမရှိတော့၊ ပြသရတဲ့ သူတွေအတွက် မကိုက်သလို ၊ကြည့်တဲ့ပရိသတ်လည်း အရင်လို ကိုယ်ကြိုက်တဲ့ ဇာတ်ကားဆိုတာ မကြည့်ရသလောက်ဖြစ်တော့ နစ်နာတာ ရုပ်ရှင်သမားတွေပါပဲ။ အနုပညာသမား တွေကိုလည်း အဆင့်ခွဲလိုက်သလို ဖြစ်နေတယ် အက်တာကြီးတာနဲ့ ငယ်တာမခွဲခြားဘဲ တန်းတူ ပြသခွင့်ရှိတဲ့ ရုံတွေဖြစ်စေချင်ပါတယ် နို့မိုဆို အနုပညာလောကမှာ ရေရှည်ရပ်တည်ဖို့ မလွယ်ကူနိုင်ပါဘူး" ဟု အကယ်ဒမီ ဗေလုဝ အနေဖြင့် ပြောင်းလဲထားသော ရုံတင်စနစ်အပေါ် သူ၏ အမြင်ကို ပြောကြားခဲ့သည်။

 

၎င်းအနေဖြင့် ၂၀၁၈ ခုနှစ်ထဲတွင် ဒါရိုက်တာ စတီး (ဒွေးမေတ္တာ) ရိုက်ကူးထားသော ဇာတ်ကားတစ်ကားတွင် ခေါင်းဆောင်နေရာမှ အဓိကပါဝင် သရုပ်ဆောင်ထားကြောင်း ဇာတ်လမ်းအနေဖြင့် မြင်း တစ်ကောင်ကို မွေးမြူထားသူတစ်ဦးဖြစ်ပြီး မြင်းတစ်ကောင်နှင့် ပြဿနာများစွာ ရှင်းရသည်ကို ဇာတ်လမ်းအဖြစ် ရိုက်ကူးထားကြောင်း သိရသည်။ အကယ်ဒမီ ဗေလုဝ အနေဖြင့် သရုပ်ဆောင်လောကကို "ဘီလူး"ဟု အမည်ရသည့် ရုပ်ရှင်ဇာတ်ကားဖြင့် ပထမဆုံး ဝင်ရောက်လာခဲ့ပြီး "ဤအရာကို အချစ်ဟုခေါ်သည်" ဇာတ်ကားကြီးဖြင့် အကယ်ဒမီ ရရှိခဲ့သူတစ်ဦး ဖြစ်သည်။

 

ကိုလင်း