mdn

ရန်ကုန် ၂ စက်တင်ဘာ

 

ရွှေမြန်မာ ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဇာတ်လမ်းနှင့် ဒါရိုက်တာ ယုန်လေး ရိုက်ကူးထားသည့် Special 9 (အထူးတပ်ဖွဲ့ဝင် ၉ ဦး) ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြို မိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁ ရက် ည ၆ နာရီက ရန်ကုန်မြို့၊ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး စက်တင်ဘာ ၇ ရက်မှစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဇာတ်ကားတွင် မြင့်မြတ်၊ ယုန်လေး၊ Nine One ၊ ထက်ယံ၊ Ice Cold ၊ သားသား၊ ဥက္ကာ၊  ထက်အောင်ရှိုင်း၊ နေနော်၊ စန်းတိုးနိုင်၊ ချမ်းညီ၊ မောင်မောင်သန့်၊ ဆူဇီ၊ စိုးနန္ဒာကျော်၊ ခိုင်မြတ်သဇင်၊ ပန်းနုနှင့် အထူးသရုပ်ဆောင်အဖြစ် ထူးအယ်လင်းတို့ ပါဝင်ထားကာ နာမည်ကြီး အဆိုတော် ခြောက်ဦးတို့၏ မူဆယ်မြို့ ဖျော်ဖြေရေး ခရီးစဉ်မှ အစပြုကာ တစ်ဖက်နိုင်ငံရှိ နိုက်ကလပ်တစ်ခုတွင် ခိုက်ရန်ဖြစ်ပွားပြီး လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ပတ်သက်နေသော အင်အားကြီး ဂိုဏ်းတစ်ဂိုဏ်း၏ လိုက်လံသတ်ဖြတ်မှုအပေါ် ရဲတပ်ဖွဲ့မှ အထူးတပ်ဖွဲ့ဝင်ကိုးဦးကို စစ်ဆင်ရေး အဖြစ်စေလွှတ်ကယ်တင်သည့် အက်ရှင်ဇာတ်ကြမ်း ဇာတ်ကားဖြစ်သည်။

 

ယင်းဇာတ်ကားကို တရုတ်နိုင်ငံတွင် အများဆုံး အခြေပြုရိုက်ကူးထားခြင်းဖြစ်ပြီး နယ်စပ်ဒေသရှိ အမည်းရောင်နယ်မြေ၏ တရားဥပဒေစိုးမိုးမှု အခြေအနေများ၊ ရာဇဝတ်ဂိုဏ်းများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ ဆက်နွယ်နေပုံတို့ကို အခြေခံကာ နယ်စပ်ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု ပုံရိပ်များနှင့် အလှအပများကို ပေါ်လွင်အောင်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ကြောင်းသိရသည်။

 

ဇာတ်လမ်းနှင့် ဒါရိုက်တာ ယုန်လေးက “၂၀ဝ၉-၂၀၁၀ လောက်ကတည်းက ဒီဇာတ်လမ်းကိုရိုက်ဖို့ တွေးထားခဲ့တာပါ။ အဲဒီတုန်းကလည်း ‌ငွေကြေး၊ ဆင်ဆာ စတဲ့ အခွင့်အရေးတွေမရှိခဲ့ဘူး။ အခုတော့ အဲဒီအခွင့်အရေးတွေ ရတဲ့အတွက်ကြောင့် ရိုက်ဖြစ်ခဲ့တာပါ။ ကျွန်တော်ရိုက်တဲ့ ပထမဆုံးကားပါ။ အခက်အခဲတွေကတော့ အများကြီးရှိခဲ့ပါတယ်။ ဒီကားလေးကို တရုတ်ပြည်မှာ အဓိကထားပြီးရိုက်ကူး ထားတာပါ။ ဇာတ်လမ်းကတော့ မူဆယ်မှာ ရှိုးပွဲသွားဆိုပြီး တရုတ်ပြည်ဘက်မှာ ပြဿနာဖြစ်လို့ ရဲတပ်ဖွဲ့က ပြန်လည်ကယ်တင်တဲ့ ဇာတ်လမ်းမျိုးပါ။ ဒီဇာတ်ကားဟာ အဆိုတော်တွေ အများကြီးပါဝင်ပြီး သရုပ်ဆာင်ထားတယ်။ ဒီဇာတ်ကားမှာ ပရိတ်သတ်ကြည့်ချင်တဲ့ မင်းသားတွေလည်း ပါပါတယ်။ ကျွန်တော်တို့ ညီအစ်ကိုတွေ တက်ညီလက်ညီနဲ့ စုပေါင်းပြီး ကြိုးစားရိုက်ကူးထားတာပါ။ စေတနာ တကယ်ထားထားတာ ကြည့်ရင်တွေ့မှာပါ”ဟု ပြောသည်။

 

သရုပ်ဆောင် မြင့်မြတ်က “ဒီဇာတ်ကားဟာ အက်ရှင်ဇာတ်ကားပါ။ ရဲပညာပေးလို့လည်း ပြောလို့ရပါတယ်။ တစ်ကားလုံးအားရပါတယ်။ ဇာတ်ကားတစ်ကား ကောင်းတယ်ဆိုတာ တစ်ယောက်ကောင်းနဲ့ မပြီးပါဘူး။ ဒီဇာတ်ကားက သက်သေပါပဲ။ ပါဝင်တဲ့ အဆိုတော်တွေ သရုပ်ဆောင်တွေ အားလုံးကောင်းတဲ့ အတွက်ကြောင့် ဒီကားက တော်တော်သွက်ပါတယ်။ ဟိုဘက်နိုင်ငံမှာ သွားရောက် ရိုက်ကူးတာဆိုတော့ ကိုယ့်နိုင်ငံလိုတော့ မဟုတ်ပါဘူး။ အခက်အခဲတွေ တော့ရှိခဲ့ပါတယ်။ ဒီဇာတ်ကားလေးကို ကျွန်တော်တို့ ညီအစ်ကိုတွေ အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကြိုးစားထားပါတယ်”ဟု ပြောသည်။ 

 

သရုပ်ဆောင် ထူးအယ်လင်းက “ယုန်လေးတို့ မြင့်မြတ်တို့ကိုချစ်လို့ ဒီဇာတ်ကားကို ရိုက်ဖြစ်တာပါ။ တစ်ခါမှလည်း မရိုက်ဖူးပါဘူး။ ဒါပထမဆုံး အကြိမ်ပါ။ ညီအစ်ကိုတွေပဲ၊ အပြင်မှာလည်း ပျော်ပျော်ပါးပါးပဲ။ ဇာတ်လမ်းတစ်ပုဒ်ပါပဲဆိုပြီး ညီအစ်ကိုတွေအားလုံး ဝိုင်းပြီးပြောကြလို့ ရိုက်ဖြစ်ခဲ့တာပါ။ ကျတဲ့နေရာမှာ ဆေးစက်လေး တော့ထင်ချင်တာပေါ့။  ဒါ့ကြောင့်တတ်နိုင်သလောက် ကြိုးစားထားပါတယ်။ ဒီဇာတ်ကားအတွက် ကတုံးနဲ့ ပိုပြီးလိုက်ဖက်မယ်ထင်လို့ ကတုံးတုံးပြီး ရိုက်လိုက်တာပါ။ ဇာတ်ကား တစ်ကားလုံး သူ့ အပိုင်းနဲ့သူ၊ သူ့ အကန့်နဲ့သူ အားလုံးအဆင်ပြေပါတယ်။ ဖျော်ဖြေမှုကို ဖျော်ဖြေမှုလို့ပဲ သဘောထားပါ။ ဒီဇာတ်ကားဟာ ပရိတ်သတ်တွေအတွက် ဘဝအမောတွေပြေပြီး ပူပင်သောကတွေ ပျောက်သွားမယ်လို့ ယုံကြည်ပါတယ်” ဟုပြောသည်။

 

သရုပ်ဆောင် Ice Cold က “ကျွန်တော် ပထမတုန်းက ကိုယ့်သမိုင်းကိုယ်ရေးကြသူများ (၂) မှာလည်း ပါဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားကို တရုတ်ပြည်မှာ ရိုက်ခဲ့တာပါ။ အခုလိုပြန်ကြည့်တဲ့ အချိန်မှာတော့ တချို့နေရာလေးတွေကို သိပ်ပြီးတော့ အားမရဘူး။ နောက်ပိုင်းတွေမှာတော့ နည်းနည်းလေး ကျေနပ်မှုတွေရလာပါတယ်။ အမှတ်တရတွေ အများကြီးပါပဲ။ ကျွန်တော်တို့က အဆိုတော်တွေဆိုတော့ သရုပ်ဆောင်မှု အပိုင်းမှာ အခက်အခဲတွေတော့ရှိခဲ့ပါတယ်။ ဇာတ်ကွက်လေးတွေရအောင် တော်တော်လေ့ကျင့်ခဲ့ရပါတယ်။ ပရိသတ်တွေအနေနဲ့ ဒီဇာတ်ကားလေးကို လာကြည့်ပါ။ ပုံမှန်ကားမျိုး မဟုတ်ပါဘူး။ သူ့ရဲ့ ဇာတ်ရှိန်လေးနဲ့ တဖြည်းဖြည်း စီးမျောပြီးတော့ ပါသွားမယ့် ဇာတ်ကားမျိုးပါ” ဟုပြောသည်။ 

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်