ရန်ကုန် ၅ စက်တင်ဘာ
FOREVER GROUP က စီစဉ်ထုတ်လုပ်ပြီး ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသည့် မိုးပန်းပွင့်ရဲ့သင်္ကေတ ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်း အကြိုမိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၄ ရက် ညနေ ၆ နာရီခွဲက ရန်ကုန်မြို့ Junction City ရှိ JCGV ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး စက်တင်ဘာ ၁၄ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဇာတ်ကားသည် တစ်ဦးနှင့် တစ်ဦး ရန်သူကဲ့သို့ အမုန်းတရားများ ပွားခဲ့ကြသော်လည်း တကယ်တမ်း အရေးကြုံသည့်အခါ ရိုင်းပင်းကူညီ ကြပုံ၊ သားသမီးနှင့် မိဘတို့အကြား အုပ်ထိန်းမှု၊ ခံယူမှု၊ ပေးဆပ်မှုနှင့် နားလည်မှုများ လွဲမှားသွားပါက သားသမီးတို့၏ အနာဂတ်ကို ရိုက်ခတ်လာနိုင်ပုံတို့ကို ရည်ရွယ်၍ ရိုက်ကူးထားခြင်းဖြစ်သည်။
ဒါရိုက်တာ ကိုပေါက်က “ဒီဇာတ်ကား ဇာတ်ညွှန်းကို ကျွန်တော် လွန်ခဲ့သော ခုနစ်နှစ်လောက်ကတည်းက ရေးခဲ့တာပါ။ ဒီကားဟာ ကျွန်တော်ပထမဆုံးရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားပါ။ ဒီဇာတ်လမ်းကိုရိုက်ပြီးမှ တစ်ခြားဇာတ်လမ်းတွေကို ရိုက်မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် ဒီဇာတ်ကားဟာ ကျွန်တော့ရဲ့ ပထမဆုံး စိန်ခေါ်မှုပါ။ ဒီဇာတ်ကားကို စရိုက်တာကနေ ရုံတင်တာနဲ့ ကြားမှာ သုံးနှစ်ကြာပါတယ်။ စိတ်တိုင်းအကျဆုံး ရုပ်ရှင်လို့ပြောလို့ရပါတယ်။ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပါ။ ရသတွေ အများကြီးပေးထားပါတယ်။ ကျွန်တော့်ရဲ့ ကနဦး အိပ်မက်ဇာတ်ကားလေးပါ” ဟုပြောသည်။
အဆိုပါ ဇာတ်ကားတွင် ရန်အောင်၊ ရဲအောင်၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး၊ ဟန်လင်းသန့်၊ မေမြင့်မိုရ်၊ နေအဉ္ဇရာ(ခြူးလေး) တို့နှင့် အခြားသော အနုပညာရှင်များပါဝင်ပြီး ဖိနှိပ်တားဆီးမှုများကြားမှ အချစ်၊ အာဃာတ၊ သံယောဇဉ်များနှင့် မေတ္တာ တရားတို့ကို ရသမြောက်အောင် ပုံဖော်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။
သရုပ်ဆောင် မေမြင့်မိုရ်က “မိုးပန်းပွင့်ဆိုတဲ့ မိန်းကလေးနေရာက ပါဝင်ထားတာပါ။ အချစ်ကိုတန်ဖိုးထားပြီး ဘဝကို ရိုးရိုးနဲ့ ဖြတ်သန်းတဲ့သူအနေနဲ့ သရုပ်ဆောင်ထားတာပါ။ ကိုယ့်ချစ်သူကို ချုပ်ချယ်ပြီး ကိုယ့်အဖေလိုဖြစ်မှာ စိုးရိမ်လို့ ချစ်သူကို နိုင်ငံရေးမလုပ်အောင်တားတဲ့ သူမျိုးပါ။ ဒီဇာတ်ကားလေးမှာ အချစ်၊ အိမ်ထောင်ရေးအပြင် ၂၀ဝ၇ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင် အရေးအခင်းလည်းပါတယ်။ ပရိတ်သတ်တွေကြည့်ပြီးရင် နှလုံးသားထဲမှာ တစ်ခုခု ကျန်ခဲ့မယ်လို့ ထင်ပါတယ်”ဟု ပြောသည်။
သရုပ်ဆောင် နေအဉ္ဇရာ(ခြူးလေး)က “ဒီကားမှာချိုမြိန်ဆိုတဲ့ ကောင်မလေးပါ။ သာမန်အဆင့်ရှိပြီးတော့ မိဘမေတ္တာကိုရပြီး ကျေးဇူးသိတတ်တဲ့ သူအနေနဲ့ သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းတွဲတွေသာ MRTV-4 နဲ့ရိုက်ခဲ့ပေမယ့် ရုံကြီးကားအနေနဲ့ ပထမဆုံး ဖြစ်ပါတယ်။ ဇာတ်လမ်းမှာဆိုရင် တာဝန်ကြီးတဲ့နေရာမျိုးကနေ သရုပ်ဆောင်ထားရတဲ့အတွက် ပိုပြီးစိတ်လှုပ်ရှားခဲ့ရပါတယ်။ ဒါရိုက်တာ ခိုင်းတဲ့အတိုင်း ကြိုးစားလုပ်ဆောင်ရင်းနဲ့ အားလုံးအဆင်ပြေသွားခဲ့ပါတယ်”ဟု ဆိုသည်။
သရုပ်ဆောင် ဝါဝါအောင်က “ဒီဇာတ်ကားမှာ သားသမီးသုံးယောက်ရဲ့ အမေနေရာကနေ သရုပ်ဆောင်ရတာပါ။ နိုင်ငံရေးကားမျိုး မဟုတ်ပါဘူး။ မိသားစုတွေအတွင်းမှာ ဖြစ်တတ်တဲ့ အတွေးအခေါ် မတူတာမျိုးလေးတွေရှိပေမယ့် မိဘတွေအနေနဲ့ သားသမီးတွေကို အစစအရာရာ တာဝန်ယူရမယ်။ သားသမီးတွေအနေနဲ့ မိဘရဲ့ သွန်သင်ဆုံးမမှုအောက်မှာ ကြီးပြင်းရမယ် ဆိုတဲ့ ဇာတ်မျိုးပါ။ သူငယ်ချင်းသုံးဦးရဲ့ လူငယ်သဘာဝ ချစ်ခြင်းကိုဖော်ကျူးထားပြီး လူငယ်တွေကို ဦးစားပေးရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ” ဟု ပြောသည်။
ဟန်လင်းသန့်၊ မေမြင့်မိုရ်နှင့် နေအဉ္ဇရာ(ခြူးလေး)တို့သည် FOREVER GROUP မှ ရိုက်ကူးထုတ်လွှင့်သည့် ရုပ်သံဇာတ်လမ်းတွဲများမှ သရုပ်ဆောင်များဖြစ်ကြပြီး ရုပ်ရှင်ဇာတ်ကားကြီးအနေဖြင့် “မိုးပန်းပွင့်ရဲ့ သင်္ကေတ” ရုပ်ရှင်ဇာတ်ကားတွင် အဓိက လူငယ်ဇာတ်ဆောင်များအဖြစ် ပထမဆုံးအကြိမ် ပါဝင်သရုပ်ဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။
FOREVER GROUP မှ ဦးသိန်းထွန်းအောင်က “ဒီဇာတ်ကားဟာ ပြည်သူလူထုအတွက် ဖျော်ဖြေရေးတစ်ရပ်၊ ပညာပေးမှုတစ်ရပ် ဖြစ်မယ်လို့ ယူဆတဲ့အတွက် ရုံတင်ပြသတဲ့ အဆင့်အထိရောက်အောင် ဆောင်ရွက်ခဲ့တာပါ။ ကျွန်တော်တို့ဆီမှာ ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာပါဝင် သရုပ်ဆောင်ဖို့အတွက် သရုပ်ဆောင်တွေကို လေ့ကျင့်ပျိုးထောင်ပေးနေတာ ရှိပါတယ်။ ဒီသရုပ်ဆောင်တွေကို အများကြီးလေ့ကျင့်ပေးထားပြီး ရုပ်ရှင်ကဏ္ဍနယ်ပယ်အထိ ပါဝင်လာနိုင်အောင် ကျွန်တော်တို့ဆီက ထုတ်သမျှ ဇာတ်ကားတွေထဲမှာ ထည့်သွင်းပြီး သုံးသွားမှာဖြစ်ပါတယ်။ ဒါဟာ မြန်မာ့ရုပ်ရှင် ကဏ္ဍနယ်ပယ်မှာ မျိုးဆက်သစ် အနုပညာရှင်တွေ ပေါ်ပေါက်လာရေးအတွက် တစ်တပ်တစ်အားပါဝင်ပြီး ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်” ဟုပြောသည်။
သတင်း- ဇော်ကြီး၊ ဓာတ်ပုံ- ဖေဇော်