၂၈ ဇူလိုင်
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက် ဟာ 1MDB စီမံကိန်းမှာ အလွဲသုံးစား လုပ်ခဲ့ကြောင်း စွဲချက် ၇ ချက် တင်ထားရာ အဲဒီ စွဲချက်တွေအတွက် အပြစ်ရှိကြောင်း ဒီနေ့(အင်္ဂါနေ့) မှာ ကွာလာလမ်ပူ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း နာဂျစ်က ပြစ်ဒဏ်တွေကနေ ထောင်ဒဏ် ဆယ်စုနှစ်များစွာ ကျခံရနိုင်ကြောင်း သိရပါတယ်။
ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို ပထမ တရားစီရင်မှုအတွက် စွဲချက်အားလုံးကို အပြစ်ရှိကြောင်း တွေ့ရတာ ဖြစ်ပါတယ်။ နာဂျစ်ဟာ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း များစွာတန်တဲ့ မလေးရှားနိုင်ငံရဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ (multi-billion-dollar 1MDB)မှ ဘီလီယံနဲ့ ချီပြီး ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ကြောင်း တွေ့ရှိရတာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်ရွေးကောက်ပွဲမှာ နာဂျစ်ရှူံးနိမ့်ပြီးနောက် ငါးလအကြာမှာ 1MDB အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီး ဖမ်းဆီးခံရကာ စွဲချက် အမြောက်အများနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၆ လ လောက်ကတည်းက အမှုရင်ဆိုင်နေရတဲ့ 1MDB အရှုပ်တော်ပုံမှာ ဝန်ကြီးချုပ်ဟောင်းဟာ အမေရိကန်ဒေါ်လာ ၉.၉ သန်းကို ရန်ပုံငွေ ဘဏ်အကောင့်မှ သူ့ပိုင်အကောင့်ကို လွှဲပြောင်းပေးတာကို စစ်ဆေး ပေါ်ပေါက်ခဲ့ပါတယ်။
အသက် ၆၇ နှစ်အရွယ် ဝန်ကြီးချူပ်ဟောင်းကတော့ အမှားလုပ်ထားခြင်း မရှိကြောင်း ငြင်းဆိုနေပါတယ်။
ဒါပေမယ့် ကွာလာလမ်ပူ ဗဟိုတရားရုံးမှ တရားသူကြီး မိုဟာမတ် နာဇက်လန် မိုဟာမက် ဂါဇာလီက အမှုအတွက် သက်သေတွေကို လေ့လာသုံးသပ်ပြီးနောက် သက်သေတွေက အမှုကို ခိုင်မာကြောင်း တွေ့ရှိတယ်လို့ ဆိုပါတယ်။
တရားရုံးအတွင်းမှာ နာဂျစ်က တည်ငြိမ်အေးစွာ ရင်ဆိုင်နေပေမယ့် တရားရုံးပြင်ပမှာ သူ့ထောက်ခံသူတွေက ဒေါသတကြီးနဲ့ နာဂျစ် အသက်ရှည်စေရန် ဆုတောင်းကြပါတယ်။ နာဂျစ်က ရန်ပုံငွေ ဘဏ်အကောင့်ကနေ ငွေအပြောင်းအရွှေ့မှာ သူ ဘာမှမသိကြောင်း ပြောနေပါတယ်။
ဝန်ကြီးချုပ်ဟောင်း နာဂျစ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကတော့ အာဏာအလွဲသုံးစားမှု တစ်မှု၊ ယုံကြည်မှု အလွဲသုံးစားမှု သုံးမှုနဲ့ ငွေကြေးခဝါချမှု သုံးမှုတို့ ဖြစ်ပါတယ်။ အာဏာအလွဲသုံးစားမှုနဲ့ ယုံကြည်မှု အလွဲသုံးစားမှုတွေမှာ အမှုတစ်ခုချင်းစီအတွက် ထောင်ဒဏ် အနှစ် ၂၀ အထိ ကျခံရနိုင်ပြီး ငွေကြေးခဝါချမှုအတွက်လည်း အမှုတစ်ခုချင်းစီအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံနိုင်ကြောင်း သိရပါတယ်။
ထောင်ဒဏ်တွေကို ဒီနေ့ ညနေပိုင်း သို့မဟုတ် နောက်ရက်တွေမှာ ချမှတ်နိုင်မလားဆိုတာ ရှင်းရှင်းလင်းလင်း မသိသေးတာကို တွေ့ရပါတယ်။ ရာဂျစ်ကတော့ အယူခံဝင်သွားနိုင်ကြောင်းနဲ့ အကျဉ်းထောင်ကို ချက်ချင်း ပို့ဆောင်ခြင်း မပြုနိုင်ဘူးလို့ ယူဆရပါတယ်။
MDN
ကိုးကား - AFP