mdn

၁၁   စက်တင်ဘာ

 

ကျော်ကြားတဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ မီရှဲယိုဟာ ကိုယ်ခံပညာအကြောင်း ရိုက်ကူးတဲ့ “ Ip Man” ရုပ်ရှင်သစ်မှာ ပါဝင်သရုပ်ဆောင်ထားကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

မီရှဲယိုဟာ ပြီးခဲ့တဲ့လအတွင်း စတင်ရုံတင်ခဲ့ပြီး သီတင်းပတ်သုံးပတ်ဆက်တိုက် ဝင်ငွေအကောင်းဆုံးသော ရုပ်ရှင်ဖြစ်ခဲ့တဲ့ “Crazy Rich Asians”ရုပ်ရှင်မှာ ပါဝင်ခဲ့ပြီးနောက် ရုပ်ရှင်ရဲ့ အောင်မြင်မှုနဲ့အတူ သူဟာလည်း ရုပ်ရှင်လောကမှာ တစ်ဖန်ပြန်လည် ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်အပြီးမှာတော့ အောင်မြင်တဲ့ တိုက်ခိုက်ရေး ရုပ်ရှင်တစ်ကားဖြစ်တဲ့ “Ip Man”ကို ပြန်လည်ဆန်းသစ် ရိုက်ကူးသွားမယ့် ရုပ်ရှင်သစ်မှာ မီရှဲယိုအနေနဲ့ ပါဝင်ဖို့ရာ အခွင့်အရေး ထပ်မံရရှိခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

ဒီရုပ်ရှင်သစ်မှာတော့ မီရှဲယိုရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မီရှဲယိုဟာ ယင်းရုပ်ရှင်မှာ ကျော်ကြားတဲ့ ထိုင်းမင်းသားတစ်ဦးဖြစ်တဲ့ တိုနီဂျာနဲ့အတူ ပါဝင်သရုပ်ဆောင်သွားရမှာလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်သစ်ကိုတော့ လာမယ့် အောက်တိုဘာလအတွင်း တောင်ကိုရီးယားနိုင်ငံ ဘူဆန်မှာ ပြုလုပ်သွားမယ့် ရုပ်ရှင်ပွဲတော်မှာ စတင်ပြသသွားဖို့ရာ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

 

အေးပြည့်