mdn

၁၁ စက်တင်ဘာ 

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့သူ လီဆူးတိုင်းရင်သူ အားချီသည် (၈) နှစ်ကျော်ကြာ အကပညာဖြင့် အသက်မွေးဝမ်းကျောင်းခဲ့ပြီး၊ ဆရာဖြစ်သူ အကပညာရှင် မင်းမင်းထွန်း( Life & Dance) ထံ ပညာသင်ကြားခဲ့ပြီး ယခုဆိုလျှင် ကိုယ်ပိုင် အကသင်တန်းကျောင်းဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

 

"ဒီအလုပ်ကို အသက်မွေးဝမ်းကျောင်းထက် ဝါသနာက ပိုရှေ့ရောက်တာပေါ့နော်။ ညီမအနေနဲ့ ဒီအလုပ်ကို လုပ်ဖို့ ဆရာမင်းမင်းထွန်း (Life & Dance ) မှာ အကပညာကို သင်ကြားပြီး (၄) နှစ်ကျော် (၅) နှစ်အထိ ပွဲတွေမှာ ကပြခဲ့တယ်။ ဆရာ့နောက်ကနေလိုက်ပြီး အကပညာနဲ့ ဝမ်းရေးအတွက် လုပ်ခဲ့ပါတယ်။ အဲ့ဒီကနေ ဆရာ့ဆီက ခွင့်တောင်းပြီး ဘာသာရေး တိုင်းရင်းသား သီချင်းခွေလေး လုပ်ခဲ့တယ်။ မထိရောက်ခဲ့ပါဘူး။ နောက်ဆုံး အကပညာနဲ့ပဲ ဆက်လျှောက်လှမ်းနေရတာ အခုအချိန်ထိပါပဲ။ မိန်းကလေး (၅) ယောက် ပါဝင်တဲ့ PRO Dancer Groupလေးဖွဲ့ပြီး ပွဲတွေမှာ ဖျော်ဖြေနေပါတယ် " ဟု PRO Dancer Group မှာ အားချီကပြောသည် ။

 

Pro Dancer Group ကိ အားချီ ၊ ဆာရာ ၊ ချမ်းချမ်း ၊ နိုရာ ၊ ကြည်လဲ့ ၊ချယ်ရီ ၊ ရာမီ  ဆိုပြီး လတ်တလောတွင် ဖွဲ့စည်းထားကြောင်း၊ ထို့အဖွဲ့ဖြင့် အနုပညာ လှုပ်ရှားမှုများ လုပ်ကိုင်သွားမည်ဟုသိရပြီး  ယနေ့ခေတ်စား နေသော၊ ကျန်းမာရေးနှင့် ညီညွတ်သည့် Zumba Dance အကသင်တန်းကျောင်း နိုဝင်ဘာလ အတွင်း ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည် ။

 

" ညီမတို့ လူငယ်တွေကြီးပဲ ဖွဲ့ထားတာပေါ့နော်။ လတ်တလောတော့ ညီမတို့အဖွဲ့ ပေါင်းပြီး ကျန်းမာရေး စင်တာ တစ်ခုဖွင့်မယ်။ သာကေတလောက်မှာ ဖွင့်ဖြစ်မှာပါ။ နေရာတော့ အတိအကျ မသိရသေးဘူး။ သေချာတာကတော့ သာကေတမှာများပါတယ်။ ဘာလို့ဖွင့်ဖြစ်လည်းဆို  အဓိကအနေနဲ့က အကပညာကို စိတ်ဝင်စားတာထက်၊ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ပျော်ရွှင်စွာနဲ့ ဘဝကိုဖြတ်သန်းစေချင်တဲ့စိတ်နဲ့ ညီမတို့ အဖွဲ့ဖွင့်လှစ်မှာပါ။ ဒီလိုအက သင်တန်းကျောင်းဖွင့်တဲ့အခါ သင်တန်းဆင်းလက်မှတ်ကအစ ညီမတို့ ထိုင်းနိုင်ငံ က ဆရာတွေနဲ့ တိုင်ပင်ပြီး လုပ်ဆောင်သွားမှာပါ " ဟု ထပ်မံပြောကြားခဲ့သည် ။

 

အဆိုပါ အကသင်တန်းကျောင်း ဖွင့်လှစ်ပြီးပါက တက်ရောက်လိုသူများအနေဖြင့်  သီချင်း တစ်ပုဒ်လျှင် သင်တန်းကြေးမည်မျှဆိုပြီး သတ်မှတ်၍ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည် ။

 

ကိုလင်း