mdn

၁၁ စက်တင်ဘာ 

 

တော်ဝင်မင်းသား ရုပ်ရှင်ထုတ်လုပ်ရေးမှ "၁၂ ပွဲဈေးသည်" ရုပ်ရှင်ဇာတ်ကားကြီးကို  ပုဂံမြို့ဒေသများတွင် ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။

 

"ကျွန်တော်တို့ ၁၂ ပွဲဈေးသည်ဆိုတာ ဟိုအရင်ထဲက ရှိခဲ့တယ်။ ဇာတ်ပွဲတွေနောက်ကို လိုက်ပြီးတော့ ပွဲတော်တွေမှာ ဈေးလိုက်ရောင်းကြတယ်။ အဲလို လူတွေရဲ့ဘဝအကြောင်းကို ဟာသနဲ့နှောပြီး ရိုက်ထားတယ်။ ကျွန်တော်က ဟာသကိုမှ ပရိသတ်အမြင်မတူအောင် စဉ်းစားရတော့  သူတို့ဘဝတွေကို ဖန်တီးဖြစ်တယ်။ ခုလိုတိုးတက်နေတဲ့ ခေတ်မှာ အိုးပစ်အိမ်ပစ်နဲ့ တစ်ရာသီလုံး ကုန်သွားပေမယ့် ဒီရောင်းချနေတုန်းမှာ စားရသောက်ရတာပဲရှိတယ်။ ကျန်တဲ့အချိန် စားဝတ်နေရေး ခက်ခဲတယ်။ အကြွေးတွေ ပြန်တင်ပေမယ့် ဘာကြောင့် လုပ်ဖြစ်တာလဲဆိုတာ ဖော်ညွှန်းထားတာပါ"ဟု ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ကပြောဆိုသည်။

 

ယင်းဇာတ်ကားကို ပုဂံ ဘုရားပွဲများတွင် သွားရောက်ရိုက်ကူးရန် စီစဉ်ထားပြီး ဘုရားပွဲတစ်ခုဖြစ်တဲ့ လောကနန္ဒာနှင့် အခြားဘုရားပွဲတော်များ၏ ပွဲတော် ရာသီရောက်ရှိလာတော့မည် ဖြစ်သောကြောင့် ဇာတ်အိမ်အား ပုဂံတွင် တည်ကြောင်းသိရသည်။

 

"ကိုခင်လှိုင်က ဒီထဲမှာ ပွဲဈေးတွေမှာ တွေ့ရတဲ့ ချားရဟတ် ထောင်စားတဲ့သူပေါ့နော်။ ရဟတ်ဆိုတာလည်း ၊ ဖြစ်သလို လုပ်ထားတဲ့ ရဟတ်လေးတွေကို လည်ရင်ပြီးရောဆိုပြီး လုပ်စားနေတဲ့ သူအဖြစ်ထည့်ထားတယ် ။ ဟာသကား ဆိုပေမယ့် ဇာတ်အိမ်ကောင်းကောင်းနဲ့  ပညာပေးပုံစံလေး လုပ်ထားတာပါ" ဟု ထပ်မံ ဖြည့်စွက်ပြောကြားခဲ့သည်။

 

အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးတွင် ဇာတ်လမ်း ညာလက်တော်၊ ဇာတ်ညွှန်း ကိုရွှေမိုးသက်က ရေးသားထားပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က သရုပ်ဆောင်များဖြစ်သော အကယ်ဒမီ လူမင်း ၊ ဇေရဲထက် ၊ ညီထွဋ်ခေါင် ၊ အကယ်ဒမီ ခိုင်သင်းကြည်၊ ရွှေမှုံရတီ ၊ ခင်လှိုင် ၊ တက္ကသိုလ် ဂွမ်းပုံ၊ ကိုပေါက်၊ အကယ်ဒမီ ဝါဝါအောင်၊ ဆင်မ၊ Kညီ ၊ ဇော်ဝင်းမောင် စသည့် အနုပညာရှင်များဖြင့် ပါဝင်ထားကြောင်း သိရသည် ။

 

ကိုလင်း