၁၁ စက်တင်ဘာ
ပိုးပိုး ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ရိုက်ကူးပြီး၊ ဒါရိုက်တာ ကျော်ဇော်လင်း (အတွေးပုံရိပ်) ဖန်တီးမည့် " တရားလား" ဟုအမည်ပေးထားသော ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင် စိုးသူ၊ ပြေတီဦး၊ ဝတ်မှုံရွှေရည် တို့နှင့် အတူ စတင်ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဇာတ်ကားတွင် အကယ်ဒမီ ချိူပြုံး၊ ယွန်းရွှေရည်၊ မျိုးမျိုးခိုင်၊ ဌက်ပျော်ကြော်၊ ဒေါင်းဝေ ၊ ရဲလေးမ၊ အိတုံ တို့ ပါဝင်လာခဲ့သည်။
ဒါရိုက်တာကျော်ဇော်လင်း( အတွေးပုံရိပ်)
" ကျွန်တော်နဲ့ ရိုက်မယ့် အနုပညာရှင် သုံးဦးပေါ့နော်။ သူတို့နဲ့ ကျွန်တော် ဒရမ်မာ ရိုက်မယ်ဆိုပြီး ဇာတ်ကို ဖရိန်ချလိုက်တယ်။ အဲ့အချိန်မှာ ဇာတ်ကားနာမည်ကို စဉ်းစားတဲ့အခါ " တရားလား" ဆိုတဲ့ နာမည်လေးထွက်လာတယ်။ နောက်ပိုင်း လူတွေက တစ်ဦးနဲ့ တစ်ဦး ကိုယ်ချင်းစာတရား ဆိုတာတွေ၊ နားလည်မှုတွေ မရှိဘဲ လျော့နည်းနေတာကို တွေ့လာရတယ်။ ကိုယ်သာရင်ပြီးရော ဆိုတဲ့ စိတ်တွေ လူမှုကွန်ယက်မှာ တွေ့နေရတယ်။ ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်ကြောင့် တစ်ဖက်က မိသားစုတွေ မိခင်၊ ဖခင်တွေ ထိခိုက်သွားနိုင်မယ်ဆိုတာမျိုးမတွေးကြတော့ဘူး။ တရားလား ဆိုတဲ့ အမေးတွေရှိလာတယ် ။ ဒါ့ကြောင့်တရားလားဆိုတဲ့ နာမည်လေးထွက်လာတာပါ။
အကယ်ဒမီစိုးသူ
" ဒီဇာတ်ကားလေးထဲမှာ လူတစ်ယောက်က ငွေအတွက်ပဲ ကြည့်တဲ့ ဆိုတာမျိူး အတ္တကြီးတဲ့သူ တစ်ယောက်အနေနဲ့ပါဝင်မှာပါ။ ငွေမက်တာကိုယ်တစ်ယောက်ထဲလားဆိုတော့ မဟုတ်ဘူး၊ လူတွေ အားလုံးပဲလေ။ စီးပွားရေးလုပ်တယ်။ လုပ်ရင်းနဲ့ ငွေက များများရလာတယ်။ အဲ့ထဲမှာ အတ္တတွေပါလာတယ်။ ကိုယ့်လုပ်တဲ့အလုပ်က တရားလား၊ မတရားလားဆိုတာတွေ မသိတော့ဘူး ဆိုတဲ့ ပုံစံလေးပါ။
အကယ်ဒမီ ပြေတီဦး
" ၅၂၈ နဲ့ ၁၅၀ဝ မေတ္တာကိုထင်ဟတ်စေမယ့် ဒရမ်မာဆန်ဆန် ကားကြီးတစ်ကားပါ ။ ကျွန်တော်ပါဝင်ဖြစ်တာကလည်း ကိုယ့်ထက် ဝါရင့်တဲ့ သရုပ်ဆောင်နဲ့ ပထမဆုံးသရုပ်ဆောင်ရမယ်ဆိုတော့ သူ့ဆီကသင်ယူရမယ့် ပညာတွေ ရှိနေတာကြောင့်လည်းပါပါတယ်။ သူက အရမ်းတော်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တာမို့ပါ။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဝါသနာပါတယ် ဆိုတာကို မသိခင်ကတည်းက အားကျရတဲ့ သူတစ်ယောက်လေ။ ကျွန်တော်တို့ အရင်ကဆို အိမ်တစ်အိမ် မှာက တီဗွီတစ်လုံးရှိဖို့ဆိုတာ လွယ်တဲ့ အခြေအနေမဟုတ်ဘူးလေ။ အဲ့ဒါ ကျွန်တော်တို့ ၃/၄/၅ တန်းကျောင်းသား ဘဝတုန်းကပေါ့။ အဲ့လိုအချိန်မှာ ကျွန်တော်တို့အတွက် ဖျော်ဖြေရေးက စနေ၊ တနင်္ဂနွေ ဆို တီဗွီကနေလာတဲ့ ရုပ်ရှင်ကားတွေကို ထိုင်စောင့် ကြည့်ခဲ့ရတာပါ။ အဲ့ကတည်းက ကိုစိုးသူကို အားကျခဲ့သူပါ။
အကယ်ဒမီ ဝတ်မှုံရွှေရည်
" အစ်ကို စိုးသူနဲ့က ပထမဆုံး ရိုက်တဲ့ ကားဆိုလည်း မမှားပါဘူး။ ကစ်နဲ့ ကိုပေါက် ကြားမှာ ရုပ်ရှင်တွေ ရိုက်ဖို့ လုပ်ပါသေးတယ်။ အဆင်မပြေတာတွေက များနေကြတယ်။ ဘာလို့လဲဆိုတော့ ဓါတ်ပုံ ၊ ကြော်ငြာတော့ အမြဲရိုက်ဖြစ်တာများတယ်။ အခုတော့ တကယ် ရိုက်ဖြစ်ခဲ့ပါပြီ။ ကစ်လုပ်ရမယ့် ကာရိုက်တာက နည်းနည်းတော့ ကြမ်းတယ် ဒီကားမှာ အမျိုးသမီးငယ်လေးတစ်ယောက် နေရာကလည်း ဖြစ်တယ်။ ကစ်လည်း ဒီလို ကာရိုက်မျိုး မရိုက်တာလည်း ကြာပါပြီ။ ကစ် အခုနောက်ပိုင်း ဇာတ်တွေတော့ သေချာရွေးချယ်ပြီး ရိုက်တော့တယ်။ အဲ့လို ရွေးချယ်ထားတဲ့ထဲက ဒီကားလေးကလည်း ကစ်စိတ်ကြိုက်ရွေးချယ်ရိုက်တဲ့ ကားလေးတစ်ကားပါဘဲ။
ကိုလင်း